၁၉. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအနီးတွင် ယနေ့ မွန်းတည့်ချိန် ၁၂ နာရီကျော် အချိန်ခန့်က သက်ကြီးပိုင်း အမျိုးသားတစ်ဦးလဲကျနေကြောင်း အရေးပေါ်အကူအညီတောင်းခံချက်များအရ မြန်မာ့ကြယ်ဖြူ ပရဟိတအသင်းနှင့် အဖြူရောင် ပရဟိတအသင်းတို့ အခင်းဖြစ်နေရာအား သွားရောက်ကူညီခဲ့ကြောင်း MT News သို့ ပြောသည်။
ထို့နောက် ယင်းတို့ရောက်ရှိချိန်တွင် အဆိုပါအမျိုးသားမှာ သေဆုံးနေခဲ့ပြီဖြစ်ရာ မိသားစုနှင့် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားပေးခဲ့ကြောင်း သိရသည်။
မြန်မာ့ကြယ်ဖြူ ပရဟိတအသင်းမှ တာဝန်ရှိသူက “သေဆုံးသူက အသက်ကလည်းအတော်ကြီးတယ်။ ၇၀ ကျော်လို့ ခန့်မှန်းရတယ်။ ရာသီဥတုကလည်း ပူတာရော၊ နောက်ပြီး မိသားစုပြောစကားအရ သွေးတိုးရှိတယ်ပေါ့။ အဓိက, ကတော့ အပူဒဏ်ကြောင့်ပါပဲ။ သတိပြုဆင်ခြင်ကြစေချင်တယ်။ တတ်နိုင်သလောက် အရိပ်ရတဲ့နေရာမှာ နေထိုင်ပါလို့ အကြံပြုချင်ပါတယ်” ဟု ကူညီဆောင်ရွက်စဥ် ကြုံတွေ့ရသည့်ဖြစ်စဥ်ပေါ် MT News သို့ ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား မြောက်ဥက္ကလာပဆေးရုံကြီးသို့ အဖြူရောင်ပရဟိတ အသင်းပိုင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ယခုနွေရာသီကာလသည် အပူချိန်စံချိန်တင်မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာက ထုတ်ပြန်ကြေညာထားပြီး ၄၄ နှစ်တာကာလအတွင်း စံချိန်တင် အပူချိန်ဟု ဆိုသည်။ အမြင့်ဆုံးအပူချိန် စံချိန်သစ်မှာ ၄၃ ဒသမ ၈ဒီဂရီစင်တီဂရိတ်နှင့် ၁၁၀ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ကြောင်းသိရသည်။ ယခင် ၂၀၁၄ ခုနှစ်က စံချိန်အဟောင်းမှာ ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ၊ ၁၀၉ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်ဖြစ်ကြောင်း သိရသည်။