၁၉. ၄ .၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ် ပန်းခြံတာဝါအနီး အမှိုက်ပုံးတွင် မွေးကင်းစကလေးအလောင်းစွန့်ပစ်သွားကြောင်း သက်ဆိုင်ရာမှ အကူအညီတောင်းခံသဖြင့် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ဆောင်ရွက်ပေးရမှု ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့အား MT News သတင်းဌာနမှ စုံစမ်းမေးမြန်းချက်များအရ စမ်းချောင်းမြို့နယ် ပန်းခြံတာဝါအနီးရှိ အမှိုက်ပုံးအတွင်း မွေးကင်းစ ကလေးငယ်ယောကျာ်းလေး အလောင်းတွေ့ရှိရကြောင်း၊ ကြွပ်ကြွပ်အိတ်အမဲရောင်ထဲ ထည့်ပြီးချည်နှောင်ကာ စွန့်ပစ်ထားခြင်းဖြစ်ကြောင်း၊ ကလေးမှာ ခြေလက်အင်္ဂါစုံလင်ပြီး ချက်ကြိုး အချင်းတန်းလန်းနှင့်ဖြစ်ကြောင်း၊ မည်သို့မည်ပုံ စွန့်ပစ်သွားသည်ကို မသိရှိရဘဲ သက်ဆိုင်ရာမှ အလောင်းအား သယ်ဆောင်ပေးရန် အကူအညီတောင်းခံသဖြင့် သွားရောက်သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ကလေးငယ်အလောင်းအား စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။