၁၉. ၄. ၂၀၂၃
Written by Peya
အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ်ကစားသမား ၂၃ ဦးကို မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းက ထုတ်ပြန်လိုက်ပြီး ကာဂျစ္စတန်၊ အိန္ဒိယ တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းတွင် နည်းပြချုပ်အဖြစ် ဦးသန်းဝေ၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်မာလာဝင်းနှင့် ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က တာဝန်ယူ ဆောင်ရွက်နေပြီး ကစားသမားများကို ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ ယူ-၁၉ လက်ရွေးစင်အသင်းမှ အသက်မီသည့် ကစားသမားများ၊ ယူ-၁၆ လက်ရွေးစင်များ၊ အား/ကာသိပ္ပံများမှ ကစားသမားများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သော ကစားသမားများကိုပါ ပေါင်းစပ်ရွေးချယ်ထားခြင်း ဖြစ်သည်။
အဆိုပါ အသင်းသည် ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့တွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (F)အဖြစ် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်မှ ၂၈ ရက်ထိ အိမ်ရှင် ကာဂျစ္စတန်၊ အိန္ဒိယ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဧပြီ ၂၄ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ကာဂျစ္စတန်အသင်း၊ ဧပြီ ၂၈ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရသော အသင်း (၈)သင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာအတွင်း အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့် ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယားတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၁၇ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၁၇ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။