၁၉. ၄. ၂၀၂၃
Written by Nyein Kyaw
ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်သုံးဆီ သိုလှောင်ရောင်းချသည့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်နာရီကျော် မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၁၉ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နီလာရပ်ကွက်ရှိ စက်သုံးဆီသိုလှောင်ရောင်းချသည့်အိမ် မီးလောင်နေကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်း၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်း၊ စိန်ကုန်းအရန်မီးသတ်စခန်း၊ ထုံးဘိုအရန်မီးသတ်စခန်း၊ နီလာနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဥ်သို့ မီးငြှိမ်းသတ်ယာဥ် ၆ စီးနှင့် မီးသတ်ရေသယ်ယာဥ် ၆ စီး စုစုပေါင်းကား ၁၂ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၇ နာရီတွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
“ကျွန်တော်တို့ အသင်းက ရေဘောက်ဆာတစ်စီး၊ မီးသတ်ယာဥ် တစ်စီးနဲ့ သွားရောက်ကူညီပေးထားပါတယ်။ လောင်မှရောက်တာမို့ ဖြစ်စဥ်ကိုတော့ အသေးစိတ်မသိပါဘူး။ အဲဒီအိမ်က စက်သုံးဆီ သိုလှောင်ရောင်းချတဲ့ အိမ်ပေါ့။ ဆိုင်ကြီးတော့မဟုတ်ဘူး။ သူ့ဘေးအိမ်လည်း မီးဟပ်တယ်။ မီးသတ်သမားနဲ့ ပရဟိတသမား ထိခိုက်မှု မရှိပါဘူး။ လောင်ချိန်က အပြီးငြိမ်းတဲ့အထိဆို ၁ နာရီကျော်လောက် ငြှိမ်းသတ်ရပါတယ်” ဟု စစ်ကိုင်းမြို့အခြေစိုက် သုခကာရီ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
မီးလောင်မှုကြောင့် ဘေးအိမ်များ မီးကူးစက်ခြင်းမရှိခဲ့သော်လည်း မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား လက်ရှိအချိန်အထိ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။