၁၉. ၄. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်းရှိ နိုင်ငံများအနက် ရေတပ်သုံးစစ်သင်္ဘော၊ စစ်ရေယာဉ်အများဆုံး ပိုင်ဆိုင်ထားသော နိုင်ငံများထဲတွင် အဆင့် ၃ နေရာ၌ ရပ်တည်နေသည်ဟု အမေရိကန်အခြေစိုက် Global Fire Power အဖွဲ့၏ စစ်တမ်းများအရ သိရသည်။
Global Fire Power က ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၏ ရေတပ်သင်္ဘော၊ စစ်ရေယာဉ်ပိုင်ဆိုင်မှုကို ဖော်ပြခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၄ တွင် ရပ်တည်နေသလို အာဆီယံဒေသတွင်းနိုင်ငံများထဲတွင်လည်း အဆင့် ၃ နေရာ ရပ်တည်နေကြောင်း ဖော်ပြခဲ့သည်။
Global Fire Power အဖွဲ့သည် နိုင်ငံများ၏ လေယာဉ်တင်သင်္ဘောများ၊ ရေငုပ်သင်္ဘော၊ ဖရီးဂိတ်၊ ကော်ဗက်အမျိုးစား စစ်သင်္ဘောများအပါအဝင် နိုင်ငံများပိုင်ဆိုင်ထားသော စစ်ဘက်သုံးသင်္ဘောများ၊ စစ်ရေယာဉ်များကို အခြေခံတွက်ချက်ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသည် ရေတပ်သုံးစစ်သင်္ဘောအစင်းရေ အနည်းဆုံး ၂၁၀ ပိုင်ဆိုင်ထားပြီး အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲတွင်အဆင့် ၃ နေရာ ရပ်တည်နေသလို ကမ္ဘာအဆင့်တွင် အဆင့် ၁၄ နေရာ ရပ်တည်နေကြောင်းသိရသည်။
အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အင်ဒိုနီးရှားက စစ်သင်္ဘောအစင်းရေအများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေကာ စစ်သင်္ဘောအစင်းရေပေါင်း ၃၂၄ စင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံက အာဆီယံဒေသအတွင်းနိုင်ငံများထဲတွင် စစ်ဘက်သုံးစစ်သင်္ဘောနှင့် စစ်ရေယာဉ်ဒုတိယအများဆုံးပိုင်ဆိုင်ထားသော နိုင်ငံအဖြစ် ဒုတိယနေရာရပ်တည်နေပြီး စစ်သင်္ဘောနှင့် စစ်ရေယာဉ်အစီးရေ အနည်းဆုံး ၂၉၂ စင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။
Ref—-Globalfirepower