၁၉. ၄. ၂၀၂၃
Written by Ye Kyaw
နယ်စပ်မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် လစဥ်ပုံမှန် တန်ချိန်ငါးသောင်းကျော်ရှိခဲ့ရာမှ ပြီးခဲ့သည့် မတ်လတွင် တန်ချိန် ၂၇၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကာလာမည့် မေလကုန်အထိ တင်ပို့မှုကို မခန့်မှန်းနိုင်သေးကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
နယ်စပ်မှ ဆန်တင်ပို့မှုလျော့ကျခဲ့ခြင်းက ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ နယ်စပ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ရရှိသည့်ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲလှယ်ရန်သတ်မှတ်ခဲ့ပြီး ၃၅ ရာခိုင်နှုန်းကိုသာ ပြင်ပပေါက် ဈေးဖြင့် လဲလှယ်ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“အရင် နယ်စပ်ကနေ လစဥ်တန်ချိန် ငါးသောင်းကျော်ရှိတယ်။ ဖေဖော်ဝါရီလအထိပေါ့။ မတ် ၁ ရက်ကနေစပြီးတော့ တင်ပို့မှုကျသွားတာ။ နယ်စပ်က ဆန်တင်ပို့မှုတက်လာဖို့က ဧပြီလမှာလည်း မရှိနိုင်ဘူး။ မေလမှာလည်း မပြောတတ်သေးဘူး။ ၆၅-၃၅ စနစ်ရှိနေသ၍ လုံးဝမကိုက်နိုင်ဘူး။ မြန်မာပြည်မှာ ဆန်ဈေးကျပေးမှ သွားနိုင်မှာ။ ပင်လယ်ရေကြောင်းကတော့ ပုံမှန်သွားနေတယ်။ နယ်စပ်က လုံးဝကျသွားတယ်” ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် နယ်စပ်မှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၅၃,၆၅၀ ကျော်အထိ တင်ပို့နိုင်ခဲ့ပြီး မတ်လတွင်မူ တန်ချိန် ၂၇၀ သာ တင်ပို့နိုင်ခဲ့သဖြင့် ဖေဖော်ဝါရီလအတွင်းတင်ပို့မှု၏ သုည ဒသမ ၅ ရာခိုင်နှုန်းကျော်သာ တင်ပို့နိုင်ခဲ့၍ ၉၉ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၂၆ သန်း တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၈၅၃ သန်းရရှိခဲ့ကာ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်မူ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းခွဲတင်ပို့နိုင်နိုင်ရန်နှင့် ဝင်ငွေဒေါ်လာ တစ်ဘီလျံအထိ ရရှိနိုင်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ခန့်မှန်းထားသည်။