◾️လေတပ်အရာရှိနှစ်ဦးနှင့် ဦးလေးတော်စပ်သူဟု PDF သတင်းများတွင် ဖော်ပြ
၁၈. ၄. ၂၀၂၃
Written by Nay Moe
ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် တပ်မတော်(လေ) မှ အရာရှိနှစ်ဦးဆိုသူအပါအဝင်သုံးဦး ပစ်သတ်ခံရမှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၁၈ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃) ကျောင်းအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်ခံရသူများမှာ လေတပ်အရာရှိနှစ်ဦးနှင့် ဦးလေးတော်စပ်သူဖြစ်သည်ဟု PDF ကင်းထောက်ချန်နယ်ဖြစ်သော Eagle News က ဖော်ပြထားသည်။
“အခု မြို့အဝင်အထွက်တွေကို ပိတ်စစ်နေတယ်။ ရန်ကုန်ဘက်ကိုလည်း အလာမခံဘူး။ သန်လျင်ဘက်ကိုလည်း ဝင်လို့မရတော့ဘူး “ဟု သန်လျင်မြို့ခံတစ်ဦးကပြောသည်။
အဆိုပါ ဖြစ်စဥ်အပေါ် News of Myanmar က သတင်းဖော်ပြရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ နေအိမ်တွင် စကားထိုင်ပြောနေသူများကို PDF များက ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်၌ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သုံးဦးသေဆုံးကြောင်းသိရသည်ဟု ဖော်ပြထားသည်။
သေဆုံးသူများမှာ ဦးအောင်မျိုးဆွေ (၅၃ နှစ်)၊ ဦးအောင်ညီထွန်း (၄၈ နှစ်)နှင့် ဦးခင်မောင်သိန်း (၅၈ နှစ်)တို့ စကားထိုင်ပြောနေစဥ် ဆိုင်ကယ်တစ်စီးဖြင့် PDF သုံးဦးရောက်လာပြီး သေနတ်များဖြင့် ဝိုင်းပစ်သဖြင့် စကားပြောနေသူ သုံးဦးကျည်ထိမှန်ဒဏ်ရာများရသဖြင့် သန်လျင်ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သုံးဦးလုံးသေဆုံးသွားကြောင်းသိရသည်ဟု ဖော်ပြခဲ့သည်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုကျုးလွန်သူများမှာ PDF များဖြစ်သည်ဟု ကနဦးသိရပြီး PDF များက လေတပ်အရာရှိများဟု စွပ်စွဲပစ်ခတ်သတ်ဖြတ်မှု မှန်ကန်မှုရှိမရှိနှင့် အသေးစိတ်ဖြစ်စဥ်များကို MT News သတင်းဌာနက လိုက်လံစုံစမ်းနေကာ ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။