၁၈. ၄. ၂၀၂၃
Written by Min Mahar
ယမန်နေ့ညနေစောင်းပိုင်းက မန္တလေးကန်တော်ကြီးတွင် အမည်မသိအမျိုးသားလူသေအလောင်း တစ်လောင်းတွေ့ရှိပြီး ရင်ဘတ်ပေါ်တွင်လည်း ကတ္ထူစက္ကူဖြင့် သွေးသောက်ဟုရေးထားသော စာကတ်စက္ကူ ၁ ခုကိုပါတွေ့ရှိခဲ့ကြောင်း သံလျက်မော်တောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အလောင်းတွေ့ရှိခဲ့သောဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက်နေ့ ညနေစောင်း ၆ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြိုနယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီး တောင်ဘက်ခြမ်း ငါးကန်ရေကမ်းစပ်နား ဗေဒါပင်များကြားတွင် အသက် ၂၅ နှစ်အရွယ်ခန့်ရှိသေ ာအမည်မသိအမျိုးသားအလောင်းတစ်လောင်းနှင့်အတူ ရင်ဘတ်ပေါ်တွင် ကတ္ထူစက္ကူဖြင့် သွေးသောက်ဟုရေးထားသော စာကတ်စက္ကူတစ်ခုတို့ကို တွေ့ရှိခဲ့သဖြင့် အလောင်းအား သံလျက်မော်တောင်လူမှုကူညီရေးအ သင်းယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းသည် ညာဘက်လက်မောင်းရင်း ဖူးယောင်ဒဏ်ရာ ၁ ချက်၊ ညာပေါင်ဖူးယောင်ဒဏ်ရာ ၁ ချက်နှင့် ကျောပြင်ညိုမဲဖူးယောင်ဒဏ်ရာများ ရရှိထားပြီး ပုဆိုးတစ်ကွင်းလည်ပင်းစွပ်လျှက် ပါးစပ်၌လည်း ပုဆိုးအစကို ဆို့လျှက် အနေအထားဖြင့် အဝတ်အစားမပါဘဲ တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အလောင်း၏ ရင်ဘက်ဘယ်/ညာတွင် ဗြဲခေါင်းပုံ၊ ယာဘက်လက်မောင်း၌ အရိုးခေါင်းပုံ၊ ဝဲဘက်လက်မောင်းမှာမူ ကနုတ်ပုံ၊ ရင်ဘတ်ယာဘက်နံစောင်းပေါ်တွင် သေနတ်နှစ်လက်ပုံနှင့် ဝမ်းဗိုက်ယာဘက်ခြမ်းတွင်လည်း ကျောပေးထားသည့် အမျိုးသမီးပုံတို့ကို ဆေးမင်ကြောင်ထိုးထားကြောင်း သိရသည်။
ထိုအမည်မသိအမျိုးသားအလောင်းသည် ယခုချိန်ထိ အမည်၊ နေရပ်လိပ်စာတိုကို မသိရှိရသေးကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ အမှတ်(၁၀)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။