◾️သေဆုံးသူအမျိုးသမီးငယ်လေးဦးမှာ ပန်ဆိုင်းရှိ အလှပြင်ဆိုင်တွင် လာရောက်လုပ်ကိုင်သူများ ဖြစ်နေ
၁၈. ၄.၂၀၂၃
Written by Hey Mar
ရှမ်းပြည်နယ် မူဆယ်မြို့နယ်အပိုင်အတွင်း၌ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ၂၂ ဘီးတွဲကားယာဥ်တိမ်းမှောက်ရာမှ အိမ်စီးယာဥ်ငယ်ပေါ်ပါ လူ ၆ ဦး သေဆုံးမှုဖြစ်စဥ်တွင် ယမန်နေ့က ၎င်းတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိပြီ ဖြစ်ကြောင်း MT News မှ စုံစမ်းမေးမြန်းချက်များအရ သိရသည်။
ယာဥ်ပေါ်ပါ ၆ ဦးမှာ အမျိုးသမီး ၄ ဦး အမျိုးသား ၂ ဦးဖြစ်သည်။ အမျိုးသမီး ၄ ဦးမှာ ကနဦးသေဆုံးမှုဖြစ်စဥ်တွင် အဆက်အသွယ်မရခဲ့သော်လည်း လူမှုကွန်ရက်တွင် ဓာတ်ပုံတင်၍ အကူအညီတောင်းခဲ့ရာမှ မိသားစုနှင့် အဆက်အသွယ်ရပြီး ယင်းတို့လေးဦးမှာ လောက်ကိုင်၊ ပြင်ဦးလွင်၊ ပြည်နှင့် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့မှ ဖြစ်ကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်းမြို့ရှိ အလှပြင်ဆိုင်တွင် လာရောက်အလုပ်လုပ်ကိုင်ကြသူများ ဖြစ်ကြောင်းသိရသည်။
သူမတို့လေးဦးမှာ သင်္ကြန်အတက်နေ့ ၁၆ ရက်နေ့တွင် ပြင်ဦးလွင်ပြန်မည့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူအား မူဆယ်အထိ ဗင်ကားငှားကာ လိုက်လံပို့ဆောင်ကြရင်း မူဆယ်နှင့် ကျင်စန်းကျော့အကြားတွင် သဲတင်လာသည့် ၂၂ ဘီးတွဲကားယာဥ်နှင့် ပိမိပြီး ယာဥ်မောင်းနှင့် ယာဥ်မောင်းအကူ အပါအဝင် ကားပေါ်ပါ ၆ ဦးစလုံး သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
ပန်ဆိုင်းတွင် နေထိုင်သည့် ဗင်ကားပိုင်ရှင်၏ တူမဖြစ်သူက “ယာဥ်ပေါ်ပါ လူ ၆ ဦးစလုံး သေသွားတာ။ တွဲကားသမားက ခြေထောက်ပဲ နည်းနည်းထိတယ်။ တွဲကားက ချိုင့်ထဲကျပြီး မထိန်းနိုင်တော့တာ။ ကားသမားပြောတာတော့ စတီယာရင်တိုင် ကျိုးတယ်ပြောတယ်။ သူက ကားလေး လွတ်ပြီထင်လို့၊ ထိန်းလို့လည်း မနိုင်တော့ လွှတ်ချလိုက်တာမှာ ကားနောက်ပိုင်းနဲ့ ပိသွားတာ။ သေဆုံးသူအားလုံးရဲ့ မိသားစုဝင်တွေ အဆက်အသွယ်ရပါပြီ။ လာနေကြပြီ” ဟု MT News သို့ ပြောသည်။
ဖြစ်စဥ်မှာ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော Nissan အိမ်စီးယာဉ်ပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် Nissan အိမ်စီးယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦး သေဆုံးခဲ့သည်။