MT News
ဧပြီလ ၁၂ရက်နေ့က လူရော ကားပါ တက္ကစီဆွဲနေရင်း ပျောက်ဆုံးသွားသည့် Taxi ယာဥ်မောင်း၏ ပုတ်ပွနေသော ရုပ်အလောင်းကို ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် ဓားဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ကနောင် နာကူ /ရှင်ကူ လူမှုကူညီရေးအသင်းမှ MT News သို့ပြောသည်။
အဆိုပါ ရုပ်အလောင်းကို အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် သစ်တောဝန်း ခြုံပုတ်အတွင်းမှ ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။
“မနေ့က ၁၃ – ၄ – ၂၀၂၃ မှာ Taxi ကားပေါ်မှာ သွေးကွက်တွေနဲ့ Taxi ကား ပြန်တွေ့တယ်။ လူကိုကြတော့ အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက် သစ်တောဝန်း ခြုံပုတ်ထဲကတွေ့တယ်။ အနံ့တွေထွက်တာရယ်၊ ခွေးဟောင်တာရယ်ကြောင့် မသင်္ကာလို့ သွားကြည့်တဲ့သူကတွေ့လို့ စခန်းကိုအကြောင်းကြားတယ်။ အဲဒီကနေမှ ကျွန်တော်တို့က ရုပ်အလောင်းကိုသယ်ပေးရတယ်။ အင်းစိန်ဆေးရုံ ရင်ခွဲရုံကိုပို့ခဲ့ပါတယ်။ ကျန်တာတော့ မှုခင်းရဲက ဆက်လက်လုပ်ဆောင်နေတယ်”ဟု ကနောင် နာကူ/ရှင်ကူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူသည် အင်းစိန်ပေါက်တောဝအနီး ချမ်းမြေ့စည်ပင်ဝန်းအတွင်း နေထိုင်သူ ကိုပေါ်ထင်ကျော် ဆိုသူ ဖြစ်ပြီး အသက် ၂၉ နှစ်ဟု သိရသည်။ ၎င်းမောင်းနှင်သည့် Taxi ယာဥ်အမှတ်မှာ AA-5674 ဖြစ်ပြီး ပျောက်ဆုံးသည့်နေ့က သေဆုံးသူ၏ အမျိုးသမီးဖြစ်သူမှလည်း လူမှုကွန်ရက် စာမျက်နှာပေါ် မှ အကူအညီတောင်းခံခဲ့သေးသည်။