၁၈. ၄. ၂၀၂၃
Written by Peya
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တစ်ဦးရေနစ်သည်ကို တစ်ဦးက လိုက်ကယ်ဆယ်ရင်း စမုံမြစ်အတွင်း လူငယ်ပိုင်းအရွယ် အမျိုးသား ၄ ဦး ရေနစ် သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး ကော်မတီ – တိုင်းရုံး) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက် နေ့လည်ပိုင်းက ကျောက်ဆည်မြို့နယ်၊ ကောင်းတင်ကျေးရွာရှိ စမုံမြစ် အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အပန်းဖြေစခန်းတော့ မဟုတ်ဘူးပေါ့။ ရွာနားက ရေဆော့တဲ့ နေရာပါ။ ရေချိုးတဲ့ နေရာပေါ့။ တစ်ယောက်နစ်တာကို တစ်ယောက်ဆယ်ရင်းနဲ့ ၄ ယောက်စလုံး သေသွားတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
သေဆုံးသူ ၄ ဦးမှာ အသက် ၂၀ မှ ၂၅ နှစ်အတွင်း အသက်အရွယ်ရှိသူများဖြစ်ပြီး ရွာလူကြီးများက အကူအညီတောင်းခံလာခဲ့သည့်အတွက် ရေငုပ်ကာ အလောင်းကို ရှာပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“လေးနာရီခွဲမှာ စရှာတာပေါ့။ ပထမ နှစ်လောင်းကို အလွယ်တွေ့ပြီး နောက်ဆုံး အလောင်းကိုတော့ ၅ နာရီ မိနစ် ၅၀ အချိန်မှာ တွေ့ခဲ့ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။