၁၈. ၄. ၂၀၂၃
Written by Min Mahar
ကျောင်းစာရေးလုပ်ကိုင်သောအမျိုးသမီးနှစ်ဦးနှင့်ကလေးငယ် တစ်ဦးတို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်သွားလာစဉ် PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရကာ အမျိုးသမီးတစ်ဦးသေဆုံးသွားမှု ညောင်ဦးမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ငါ့သရောက်ကားလမ်းတွင် ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း တစ်ရက်နေ့) နံနက် ၈ နာရီခန့်က ညောင်ဦးမြို့နယ်၊ ဆည်ကျေးရွာ၌နေထိုင်ကြသော ငါ့သရောက်(အထက)၌ ကျောင်းစာရေးလုပ်ကိုင်နေကြသည့် အသက် ၃၀ အရွယ်အမျိုးသမီး၊ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးနှင့် ၎င်း၏တူဖြစ်သူအသက် ၆ နှစ်အရွယ်အမျိုးသားငယ်ကလေးတို့သည် ဆည်ကျေးရွာမှ ညောင်ဦးမြို့သို့ ဆိုင်ကယ်တစ်စီးဖြင့်သွားရောက်စဉ် ညောင်ဦး-ငါ့သရောက်ကားလမ်း၊ အောင်သာကျေးရွာနှင့် ကုလားတဲကျေးရွာကြားအရောက်တွင် PDF အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
“ကလေးငယ်တစ်ယောက်နဲ့ ကျောင်းစာရေးမနှစ်ယောက်က ဆိုင်ကယ်နဲ့ ညောင်ဦးမြို့ကို အသွားမှာ PDF တွေက သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ကြားတယ်။ စာရေးမတစ်ယောက်သေပြီး တစ်ယောက်ကတော့ ဒဏ်ရာရသွားပြီး မစိုးရိမ်ရဘူးလည်းကြားတယ်။ ကလေးငယ်ကတော့ ကံကောင်းတယ်ဆိုရမှာပဲ အပစ်ခံရပြီး ဆိုင်ကယ်မှောက်သွားတာတောင် ဘာမှမထိခိုက်သွားဘူး။ ဘာကြောင့်သတ်တယ်ဆိုတာတော့ အသိအကျမသိရသေးပေမဲ့ ငါ့သရောက်(အထက)က စာရေးမတွေမို့လို့ လက်ရှိအစိုးရလက်အောက်မှာ အလုပ်လုပ်နေလို့ သတ်သွားတာပဲဖြစ်မယ်” ဟုအခင်းဖြစ်ပွားသူများနှင့် တစ်ရွာတည်းနေသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် မ……သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ နေရာတွင်သေဆုံးခဲ့ပြီး အသက် ၃၀ နှစ်အရွယ် မ…….သည်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် သေဆုံးသွားသောရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူတို့ကို ညောင်ဦးမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး အသက် ၆ နှစ်အရွယ်ကလေးငယ်မှာမူ ထိခိုက်မှုတစ်စုံတစ်ရာမရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။