MT News
Written by Hey Mar
ရှမ်းပြည်နယ် ၊ မူဆယ်မြို့နယ်အပိုင်အတွင်း၌ ၂၂ ဘီးတွဲကားယာဥ်တိမ်းမှောက်ရာမှ အိမ်စီးယာဥ်ငယ်တစ်စီးပေါ် ပိမိပြီး ယာဥ်ပေါ်ပါ လူ ၆ဦးသေဆုံးမှု ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း မူဆယ်အခြေစိုက် လက်ဖက်ညွန့် ပရဟိတအဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်မှာ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော Nissan အိမ်စီးယာဉ်ပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကြောင့် Nissan အိမ်စီးယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦး သေဆုံးခဲ့ကြောင်း လက်ဖက်ညွန့်ပရဟိတအဖွဲ့ ထံမှ သိရသည်။
အဆိုပါယာဥ်တိမ်းမှောက်မှုအား မူဆယ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး မူဆယ်မြို့ အခြေစိုက် မြင့်မြတ်ပါရမီပရဟိတအသင်း၊ ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်းပရဟိတအသင်းနှင့် လက်ဖက်ညွန့်ပရဟိတအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။