၁၈. ၄. ၂၀၂၃
Written by Nay Moe
နတ်တလင်းမြို့နယ်၊ လယ်မအင်းအုပ်စု၊ တောင်ညိုလေးကျေးရွာ ရာအိမ်မှူး ဦးဌေးလွင်အား သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၁၊ တပ်ခွဲ ၄ MRF-Nottalin က မဟာသင်္ကြန်အကြတ်နေ့ဖြစ်သော ဧပြီ ၁၅ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု နတ္တလင်း PDF က ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ရာအိမ်မှူး ဦးဌေးလွင်သည် နိုင်ငံတဝန်းတွင် မြို့နယ်၊ ကျေးရွာမကျန် ကွန်ရက်သဖွယ် ဖွဲ့စည်းထားသည့် “မှုခင်းရှုထောင့်”အဖွဲ့၏ အဖွဲ့ဝင် သတင်းထောက်တစ်ဦးလည်းဖြစ်ပြီး လခရများ၏ လက်အောက်ခံထောက်တိုင်ဖြစ်ကြောင်း၊ ရဲသတင်းပေး(အင်ဖော်မာ)တစ်ဦးပါဖြစ်သည့်အပြင် လခရများနှင့်အတူ သွားလာ နေထိုင်ခြင်း၊ သတင်းပေးခြင်း၊ လမ်းပြခြင်းတို့ကိုပါ ပြုလုပ်နေသူဖြစ်၍ လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
နတ္တလင်း PDF အနေဖြင့် ထိုသို့ လုပ်ကြံပစ်ခတ် ရှင်းလင်းရခြင်းမှာ မိုဆို၊ ပဇီကြီး၊ နန့်နှိမ်၊ အနန့်ပါ၊ လက်ယက်ကုန်း ဖြစ်စဥ်များအတွက် ပြန်လည် သွေးကြွေးဆပ်ခိုင်းခြင်းလည်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လခရများနှင့် ပူးပေါင်းနေသူများကို သေရွာသို့ ပို့ပေးမည်ဟုလည်း နတ္တလင်း PDF က ခြိမ်းခြောက်သည်။