MT News
Written By Thandar
မြန်မာနှစ်ဆန်း ၁ရက် ယနေ့ ဧပြီ ၁၇ ရက် နံနက် ၁၀ နာရီကစနှစ်သစ်ဦးအလှူအဖြစ် အဆိုတော် Ah Boy နဲ့ ကြည်သာဟန်တို့က ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက် အလယ်ပစ္စယံရှိ ညောင်ပင်ကြီးဘက်မှာ လာရောက်ဖူးမျှော်တဲ့ ဘုရားဖူးပြည်သူ ရဟန်းသံဃာ လူအယောက် ၂၀၀၀ ကျော်စာအတွက် ကြက်သားဒံပေါက် စတုဒိသာလှူဒါန်းခဲ့ပါတယ်။
” ကျွန်တော်တို့ နှစ်ဆန်း ၁ ရက်နေ့မှာ စတုဒိသာအဖြစ်နဲ့ လူအယောက် ၂၀၀၀ စာအတွက် ကြက်လျှာစွန်းဒံပေါက်လှူခဲ့တာ တနေကုန်လှူမှာပါ မကုန်မချင်းလှူမှာပါ ” လို့အဆိုတော် Ah Boy ကပြောပါတယ်။
“ဒီနေ့ နှစ်ဆန်းတစ်ရက် မနက် ၁၀ နာရီက စတင်ဧည့်ခံမယ်လို့ကြေညာထားပေမဲ့လည်း စောင့်ဆိုင်းနေတဲ့လူ အလွန်များပြားတာကြောင့် မနက် ၉ နာရီခွဲကစတင်ပြီး စတုဒိသာလှူဒါန်းခဲ့ပါတယ်။ ကြက်သားဒံပေါက်စတုဒိသာအလှူမှာ လူဦးရေများပြားနေတဲ့အတွက် ကျွန်တော်တို့အဖွဲ့သားတွေရဲ့ ဦးရေနဲ့မမျှတာကြောင့် အတော်လေးအခက်တွေ့ခဲ့ရပါတယ်ဗျ”လို့ ကြည်သာဟန်က ပြောပါတယ်။
စတုဒိသာအလှူနဲ့ပတ်သတ်ပြီး နေ့လည် ၁၁ နာရီက ကြက်သားဒံပေါက် လူဦးရေ ၁၅၀၀ ကျော်စာကုန်သွားပြီး ခေတ္တခဏလှူဒါန်းခြင်းကို ရပ်နားခဲ့ပြီး နေ့လည် ၁၂ နာရီကျော်မှာ ဒံပေါက်ထမင်းနဲ့ကြက်ကြော် လူဦးရေ ၇၀၀ စာအတွက်ဆက်လက်လှူဒါန်းခဲ့ရာမှာလည်း မိနစ် ၃၀ ခန့်အကြာ နေ့လည် ၁ နာရီဝန်းကျင်ခန့်မှာ ကြက်ကြော်နဲ့ ဒံပေါက်ထမင်း လူဦးရေ ၇၀၀ စာထပ်မံကုန်သွားပါတယ်လို့ သိရပါတယ်။ ဒီနေ့မှာ စတုဒိသာအလှူအနေနဲ့ လူဦးရေ ၂၂၀၀ ဝန်းကျင်ခန့်ကို လှူဒါန်းဧည့်ခံဖြစ်ခဲ့တယ်လို့ သိရပါတယ်။