၁၈. ၄. ၂၀၂၃
Written by Thettant
သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန် ဇုန် (A) ရှိအထည်ချုပ်စက်ရုံမီးလောင်မှု ဧပြီ ၁၇ ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၁၇ ရက် ညနေ ၅ နာရီခန့်အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်(A)တွင် အထည်ချုပ်စက်ရုံမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သန်လျင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ အချိန်တွင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၁၃ မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရှိရသည်။
“ဇုန် (A) ဂိတ် (၂) နားမှာရှိတာပါ။ လောလောဆယ် ဘာလို့လောင်တာလဲဆိုတာတော့ မသိသေးဘူး။ အပေါ်ထပ်ကတော့ တော်တော်များများ မီးလောင်သွားတယ်လို့ သိရတယ်။ အောက်ထပ်တွေတော့မလောင်ဘူး ပြောတယ်” ဟု အဆိုပါအထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်ပွားသည့်စက်ရုံမှာ Gustom Amava အထည်ချုပ်စက်ရုံဖြစ်ပြီး မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများအား MT News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။