၁၈. ၄. ၂၀၂၃
Written by Nay Moe
ကနီမြို့နယ်ရှိ တာဝါတိုင်စခန်းကုန်းကို PDF က တိုက်ခိုက်သိမ်းဆည်းလိုက်ပြီး လက်နက်ခဲယမ်းများပါ ရရှိခဲ့သည်ဟု NUG က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မနက် ၇ နာရီ ၄၀ မှ မနက် ၈ နာရီအထိ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ လခရအင်အား ၃၀ ခန့် ရှိသော တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ပွဲအတွင်း လခရတပ်ထံမှ (၁) MA-2 (၃) လက်၊ (၂) MA – 11 (၆) လက်၊ (၃) MA – 3 (၅)လက်၊ (၄) MA – 4 (၁)လက်၊ (၅) MA ကျည်ဘောက် (၈)ခု ၊(၆) ၅.၅၆ ကျည် (၉၃၈၀) တောင့် ၊ (၇) 60mm – ပြောင်းတို (၁)လက် ၊ (၈) 60 mm ဗုံးသီး (၅၀) လုံး၊ (၉) 40 mm ဗုံးသီး (၅၇) လုံး ၊ (၁၀) လက်ပစ်ဗုံးသီး (၅၆) လုံး ၊ (၁၁) ရှေ့ထွက်မိုင်း (၁၀) လုံး၊ (၁၂) နင်းမိုင်း (၂၉) လုံး ၊ (၁၃) Detonator(လက်ပစ်) (၃၇) ခု၊ (၁၄) Detonator (မိုင်း) (၄၅) ခု ၊ (၁၅) ချပ်ဝတ်တန်ဆာ (၂) ခု ၊ (၁၆) ငွေကျပ် (၁၁၁၀၀) ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စခန်းကုန်းကို NUG က အမှန်တကယ်သိမ်းပိုက်နိုင်မှုရှိ မရှိ MT News သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိဘဲ NUG ၏ ထုတ်ပြန်ချက်တွင်လည်း ခိုင်လုံသောသက်သေများဖြင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ လက်နက်များစုပုံထားသောပုံတစ်ပုံဖြင့်သာ ဖော်ပြထားခြင်းဖြစ်ပြီး MT News သတင်းဌာနအနေဖြင့် အဆိုပါတာဝါတိုင်စခန်းကုန်းသိမ်းပိုက်ခံရမှုရှိမရှိ ဆက်သွယ်မေးမြန်းနေကာ ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။