MT News
Written by Hey Mar
ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့နှင့် ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ ၂ ရက်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ရှိ ရွှေလီမြစ်အတွင်းရေဆင်းကူးကြသော လူငယ်များ ရေနစ်သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ၁ ဦးကို ရုပ်အလောင်းပြန်တွေ့ကာ တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရှမ်းမြောက် အခြေစိုက် နှလုံးလှ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။
“အကြတ်နေ့က ဖြစ်စဥ်ဆို ပထမတစ်ယောက်နစ်တာ ရှာမတွေ့သေးဘူး။ နောက်ထပ်တစ်ယောက်ရေနစ်တယ်ဆိုပြီး သတင်းပို့လို့ ထပ်ရှာရတယ်။ အဲဒါနဲ့ လူစုခွဲပြီး အလုပ်လုပ်ခဲ့ကြတယ်။ ညနေပိုင်းလေးနာရီအထိ ကြိုးစားရှာပေမဲ့လည်း ရှာမတွေ့ခဲ့ပါဘူး။ မြစ်က ရေအရမ်းကြီးမနစ်တော့ပါဘူး။ နေရာတော်တော်များများ တချို့နေရာလေးတွေတော့ လူတစ်ရပ်မကနစ်ပါသေးတယ်။ အဲဒီနေ့ပဲ တတိယမြောက်နောက်တစ်ယောက်ထပ်နစ်လို့လိုက်ကယ်ကြတာ အသက်ရှင်လျက်ကယ်ဆယ်နိင်ခဲ့ပါတယ်”ဟု အဆိုပါအသင်း တာဝန်ရှိသူက ပြောသည်။
ရွှေလီမြစ်အတွင်း သင်္ကြန်ကာလ အရက်သေစာသောက်စားပျော်မြူးကြပြီး မြစ်ထဲ ရေဆင်းကူးရာမှ ယခုကဲ့သို့ ရေနစ်သေဆုံးမှုမျိုး နှစ်တိုင်းကြုံတွေ့ရလေ့ရှိကြောင်းလည်း သိရသည်။ သင်္ကြန်အတက်နေ့တွင်မူ ယမန်နေ့က ရေနစ်သူ၂ ဦးအနက် တစ်ဦးပြန်တွေ့ပြီဖြစ်ကာ တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။