MT News
၁၇. ၄. ၂၀၂၃
မဟာသင်္ကြန်အကြတ် ဧပြီ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ပြည်သူ ၂၈ ဦးထိခိုက်ခဲ့သော လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်အား Drop Bomb ပစ်ချတိုက်ခိုက်ခဲ့မှုဖြစ်စဥ်ကို Loikaw PDF နှင့် Falcon Wing တို့ ကျုးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ကလေးသူငယ်များအပါအဝင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေစဉ် PDF များက Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးမှုများနှင့် ဆက်စပ်သတင်းဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ KNPP အဖွဲ့ ရင်း(၂)မှ ရင်းမှူးအဆင့်ရှိ အာလူးနှင့် ရုံးအဖွဲ့မှူးအဆင့်ရှိ ဖူးကီတို့မှ ဧပြီ ၁၃ ရက်တွင် လွိုင်ကော် PDF အဖွဲ့ခေါင်းဆောင် ညီညီနှင့် Falcon Wings အဖွဲ့ခေါင်းဆောင် အောင်ကျော်မြတ် (ခေါ်) အောင်မြတ်တို့အား Drone နှင့် Drop Bomb များ ပေးအပ်၍ ပြည်နယ်အစိုးရရုံးသင်္ကြန်မဏ္ဍပ်အား ပစ်ခတ်တိုက်ခိုက်ရန် တာဝန်ပေးစေခိုင်းခဲ့ကြောင်း စိစစ်ဖော်ထုတ်သိရှိရသည်။ Falcon Wings သည် NUG လက်အောက်ခံ Federal Wings Drone အဖွဲ့၏ လက်အောက်တွင် အဓိကလှုပ်ရှားလျက်ရှိသော အဖွဲ့ဖြစ်ပြီး NUG မှ တိုက်ရိုက်ထောက်ပံ့စေခိုင်းသည့် အဖွဲ့လည်းဖြစ်ကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။
ထိုသို့ KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံသားတို့၏ အထွတ်အမြတ်ထားရာ ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုအား ဖျက်ဆီးလိုသော ရည်ရွယ်ချက်အပြင် စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိအောင် Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခြင်းတို့သည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းအဖွဲ့များအား ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ သာမန်ပြည်သူ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် Drone ဖြင့် Drop ဗုံးချတိုက်ခိုက်မှုကို “မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်း တို့အတွက် အကြွေးဆပ်ခြင်းဟူသောခေါင်းစဥ်ဖြင့် လွိုင်ကော် PDF ၏ Telegram Channel နှင့် Falcon Wings ၏ Facebook တွင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။