၁၆. ၄. ၂၀၂၃
Written by Tha Doe
ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် မော်လမြိုင်ကျွန်းမြို့ အောင်သာယာစျေးမီးလောင်မှုတွင် ဆိုင်ခန်းများပျက်စီးဆုံးရှုံးမှုများပြားသည့်အပြင် လူတစ်ဦးပါ မီးလောင်သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ဧပြီလ ၁၅ ရက် ည ၈ နာရီ ၂၁ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အောင်သာယာဈေးတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်ကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေလဲနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ည ၈ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
“မီးလောင်မှုက တော်တော်များတယ်။ ဆိုင်ခန်းတွေ၊ ဆုံးရှုံးမှုတန်ဖိုးတွေက မီးသတ်ဦးစီးကိုမေးမှပဲသိမယ်။ မနေ့ညက ကျွန်တော်တို့ သွားရောက်ကူညီချိန်မှာ ကွမ်းယာရောင်းတဲ့အမျိုးသားတစ်ဦးမီးလောင်သေဆုံးခဲ့တာရှိတယ်။ အမျိုးသားတစ်ဦးဒဏ်ရာရတာရှိတယ်” ဟု သွားရောက်ကူညီသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုမှာ စားဖျော်ရုံးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကနဦး သတင်းအရ သား ၊ ငါးဈေးရုံတစ်ခြမ်းနှင့် ပျံကျဈေးဆိုင်ခန်းများလောင်ကျွမ်းခဲ့သည်ဟုလည်း သိရှိရသည်။