◾အရာတော်မြို့နယ် ငွေတွင်းရွာ ဓမ္မာရုံတွင် ရေကစားနေသူများအား Dronr Drop ဗုံးဖြင့်ပစ်ခတ်၍ ကလေးငယ်သုံးဦးအပါအဝင် ၁၃ ဦးဒဏ်ရာရမှု သင်္ကြန်အကြတ်ညနေတွင် ဖြစ်ပွား
MT News
၁၅. ၄. ၂၀၂၃
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ငွေတွင်းရွာတွင် ရေကစားနေသူများအား Dronr Drop ဗုံးဖြင့်ပစ်ခတ်၍ ကလေးငယ်သုံးဦးအပါအဝင် ၁၃ ဦးဒဏ်ရာရမှု သင်္ကြန်အကြတ်ညနေတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ ကလေးသူငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများက မဟာသင်္ကြန်အကြတ်နေ့၌ ပျော်ရွှင်စွာရေကစားနေကြစဉ် ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် PDF များက Drone ယာဉ်တစ်စီးဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦးအပါအဝင် အပြစ်မဲ့ကျေးရွာသူ၊ ကျေးရွာသား ၁၃ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် အဆိုပါလူနာများအား အရာတော်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့် နေရာအား ရည်ရွယ်ချက်ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းသည် ဂျီနီဗာ ကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုကိုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
ယနေ့တွင် PDF များက Drone Drop ဗုံးဖြင့် ရေကစားမဏ္ဍပ်များအား ရည်ရွယ်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အကြတ်နေ့ဖြစ်သော ယနေ့နံနက်ပိုင်းတွင် ကလေးသူငယ်များ အပါအဝင် ပြည်သူများရေကစားနေစဉ် PDF များက Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကိုမူ MT News သတင်းဌာနက သတင်းဖော်ပြထားပြီးဖြစ်သည်။