၁၅. ၄. ၂၀၂၃
Written by Nay Moe
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အကြတ်နေ့ဖြစ်သော ယနေ့နံနက်ပိုင်းတွင် ကလေးသူငယ်များ အပါအဝင် ပြည်သူများရေကစားနေစဉ် PDF များက Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ယနေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးငယ်များအပါအဝင် ပြည်သူများ ရေကစားနေစဉ် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် PDF များက Drone တစ်စီးဖြင့် Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့်နေရာအား ရည်ရွယ်ချက်ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်း ဖြစ်သည်။
ထိုသို့ကျုးလွန်မှုများကိုမကြာခဏပြုလုပ်နေပြီး မဟာသင်္ကြန်ရက်အတွင်းပင် အကြိုနေ့က ကြွယ်ပုံရေကစားမဏ္ဍပ်ကို Drop Bomb ချတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၈ ဦးသေဆုံးကာ ၃၁ ဦးထိခိုက်သည့်ဖြစ်စဥ်များ၊ လားရှိုးတွင် ရန်တိုင်းအောင်ဘုရားအနီးတွင် အကြိုနေ့က ဗုံးခွဲမှုကြောင့် လေးဦးသေဆုံးကာ ၁၁ ဦးထိခိုက်မှုများအပါအဝင် အခြားဖြစ်စဥ်များစွာ ဖြစ်ပွားထားသည်။