
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ရောင်းချပေးသည့် မီးလင်းရွှေဝယ်ယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဥ်
MT News
Written by Tha Doe
ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေတစ်ကျပ်သား ကျပ် ၂၆ သိန်းအောက်သို့ ကျဆင်းခဲ့သဖြင့် ပြည်တွင်းရှိ ရွှေဆိုင်ကြီးအချို့ ရွှေပြတ်လပ်သည်ဟုဆိုကာ အရောင်းရပ်တန့်ခဲ့ကြောင်း အောက်တိုဘာ ၁၁ ရက် ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သား ကျပ် ၂၅၄၀၀၀၀ နှုန်းဖြင့် မီးလင်းရွှေ ၁၄ ပိဿာကျော်အား အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ရောင်းချပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ရွှေ ၁၂ ပိဿာကျော်အား အောက်တိုဘာ ၁၂ ရက်တွင် ရောင်းချပေးမည်ဟု အောက်တိုဘာ ၉ ရက်တွင် ကြေညာခဲ့ပြီးနောက် အခေါက်ရွှေတစ်ကျပ်သား ၂၆ သိန်းနှင့် ၂၆၈၀၀၀၀ အကြား တစ်ပတ်ခန့် အတက်အဆင်းဖြစ်ပေါ်နေသော ပြည်တွင်းရွှေစျေးမှာ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၂၅၈၀၀၀၀ သို့ ကျဆင်းလာခဲ့ပြီးနောက် ပြည်တွင်းရွှေဆိုင်ကြီးအချို့က ရွှေပြတ်လပ်သည်ဟုဆိုကာ အရောင်းရပ်ဆိုင်းခဲ့သည်ဟု သွားရောက်ဝယ်ယူသူများက ပြောသည်။
“ရွှေစျေးကျတယ်ဆိုလို့သွားဝယ်တာ။ နာမည်ကြီးဆိုင်ကြီးတွေကိုက ရွှေပြတ်နေလို့ဆိုပြီး အရောင်းရပ်ထားတယ်ပြောကြတယ်။ အဲဒါနဲ့ မနက်ဖြန်မှပဲ ရွှေအသင်းမှာသွားဝယ်မယ်ဆိုပြီး ပြန်လာခဲ့လိုက်တယ်” ဟု အောက်တိုဘာ ၁၁ ရက်တွင် ရွှေသွားရောက်ဝယ်ယူသူတစ်ဦးက ဆိုသည်။
ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စ ဒေါ်လာ ၁၇၂၀ ခန့်မှ ငါးရက်အတွင်း ဒေါ်လာ ၁၆၆၀ ပတ်လည်သို့ ပြန်လည်ကျဆင်းသွားပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း ဆက်လက်ကျဆင်းလာခဲ့သည်။ ရွှေစျေးကျဆင်းနေသည့်နည်းတူ ဒေါ်လာစျေးမှာလည်း ၂၈၀၀ နှင့် ၂၉၀၀ အကြား စျေးကွက်ဖြစ်ပေါ်နေကြောင်း သိရသည်။