၁၅. ၄. ၂၀၂၃
Written by Nay Aung
မလေးရှားနိုင်ငံသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၃၁ ဦးသည်ထောင်ဒဏ်ကျခံရဖွယ်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလက မလေးရှားနိုင်ငံ Bukit Enggang သစ်တောအတွင်း ဖမ်းဆီးရမိခဲ့သော နိုင်ငံခြားသား ၃၅ ဦးအပါအဝင် စုစုပေါင်း ၄၀ ကို ဧပြီ ၁၃ ရက်နေ့က စွဲချက်အသီးသီးတင်ခဲ့ကြောင်းမလေးရှားအာဏာပိုင်များက ပြောသည်။ စွဲချက်တင်ခံရသူများထဲတွင် ပါဝင်ခဲ့သော မလေးရှားနိုင်ငံသား ၂ ဦးက ၎င်းတို့တွင်အပြစ်မရှိကြောင်း တရားရုံးတွင်ထွက်ဆိုထားကြောင်း သိရသည်။
စွဲချက်တင်ခံရသူများထဲတွင် မလေးရှားနိုင်ငံသားများအပြင် မြန်မာနိုင်ငံသား ၃၁ ဦး၊ တရုတ်နိုင်ငံသားနှစ်ဦး၊ နီပေါနိုင်ငံသား နှစ်ဦးတို့ ပါဝင်ခဲ့ပြီး မလေးရှား ဘာသာစကားကိုပြောဆိုနိုင်ခြင်းမရှိကြောင်း သိရသည်။အဆိုပါ နိုင်ငံခြားသားများကို တရားဝင်အထောက်အထားများ မပါဝင်ဘဲ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်မည်ဖြစ်သလို သစ်တောဥပဒေများကို ချိုးဖောက်မှုများအတွက်လည်း စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိမည်ဆိုလျှင် ၃ နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ရင်းဂစ် ၁၀၀၀၀ ထက်မပိုသော ငွေဒဏ်အပြင် ငွေဒဏ် နှင့်ထောင်ဒဏ် နှစ်ခုစလုံးလည်း ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။
မလေးရှားတရားရုံးသည် စွဲချက်တင်ခံထားရသူများအနက်မှ မလေးရှားနိုင်ငံသား ၅ ဦးကို တစ်ဦးကို အာမခံတစ်ခုအတွက် မလေးရှားရင်းဂစ် ၅၀၀ဝဖြင့် အာမခံပေးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့ကပြောသည်။ ထို့အပြင်မလေးရှားတရားရုံးသည် တရုတ်နိုင်ငံသား ၂ ဦးကိုလည်း တစ်ဦးကို အာမခံတစ်ခုအတွက် မလေးရှားရင်းဂစ် ၇၀၀၀ နှုန်းဖြင့် အာမခံပေးထားသလို အာမခံပေးထားချိန်အတွင်း တရုတ်နိုင်ငံသားနှစ်ဦး၏ ပက်စ်ပိုစ့်ကို သိမ်းယူထားရန် အမိန့်ချမှတ်ထားသည်။ သို့သော်လည်း မလေးရှားတရားရုံးသည် မြန်မာနိုင်ငံသား ၃၁ ဦး နှင့် နီပေါနိုင်ငံသား ၂ ဦးကို အာမခံပေးမှုမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများနှင့် နီပေါနိုင်ငံသား နှစ်ဦးသည် တရားဝင်အထောက်အထား စာရွက်စာတမ်းများတစ်ခုမှ မပါရှိသည့်အတွက် ထောင်ဒဏ်ကျခံရဖွယ်များသည့်အတွက် အာမခံမပေးခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြန်မာနိုင်ငံသားများအပါအဝင် စွဲချက်တင်ခံရသူ ၄၀ အတွက် အပြီးသတ်အမိန့်ကိုလာမည့် ဇွန်လ ၁၁ ရက်နေ့တွင် ချမှတ်သွားမည်ဖြစ်ကြောင်း မလေးရှားတရားရုံးက သတင်းထုတ်ပြန်ထားသည်။
Ref—- thestar