၁၄. ၄. ၂၀၂၃
Written by Min Mahar
Drone ဖြင့် ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်မှုကြောင့် အသက် ၇၀ ကျော်အမျိုးသမီးကြီးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးသွားမှု နွားထိုးကြီးမြို့တွင် ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေမဟာသင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်နေ့) မနက် ၁၀ နာရီ ၁၅ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ ၊အမှတ်(၁)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးလိုင်းခန်းရှေ့၊ လမ်းမဘေးရှိ ထရန်စဖော်မာအနီး Drone ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ကာ ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။
အလားတူပင် မနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က PDF အဖွဲ့များကထပ်မံ၍ Drone ဗုံးဖြင့် နောက်ထပ် ၁ လုံးအား ပစ်ချတိုက်ခိုက်ခဲ့ရာ နွားထိုးကြီးမြို့၊ အမှတ် (၁)ရပ်ကွက်၊ ရဲစခန်းရှေ့၊ ကားလမ်းတစ်ဖက်ရှိ လူနေအိမ်တံစက်မြိတ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ၎င်းနေအိမ်တွင်နေထိုင်သော အသက် ၇၆ နှစ်ခန့်ရှိ အမျိုးသမီးကြီးနှင့် အသက် ၄၀ အရွယ်ခန့်ရှိသည့်အမျိုးသားတို့ ၂ ဦးသည် ဗုံးစများထိမှန်ကာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသွားသောအလောင်းများအား သက်ဆိုင်ရာအဖွဲ့များမှရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ရုပ်အလောင်း ၂ လောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။