၁၄- ၄- ၂၀၂၃
Written by Min Mahar
နေအိမ်အတွင်းထိုင်နေသောရာအိမ်မှူးကို PDF အဖွဲ့ဝင် ၂ ဦး က သေနတ်ဖြင့်ဝင်ရောက်ပစ်သတ်သွားမှု ညောင်ဦးမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၄ ရက်နေ့(မဟာသင်္ကြန်အကျနေ့) မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာတွင်နေထိုင်သော အသက် ၄၇ နှစ်အရွယ်ရာအိမ်မှူးသည် နေအိမ်အတွင်းထိုင်နေစဉ်အတွင်း PDF အဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသောကြောင့် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားသောကြောင့် ရာအိမ်မှုးသည် ဝဲဘက်ပေါင်ကိုကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက် ၊ ဝဲဘက်လည်ပင်းကိုလည်း ကျည်ဖောက်ဝင်သွားသော ဒဏ်ရာ ၁ ချက်၊ ယာဘက်ပါးကိုပါ ကျည်ဖောက်ဝင်သွားသော ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ရင်အုံကိုလည်းကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ညောင်ဦးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ သတ်ဖြတ်ခဲ့သည့်နေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။