၁၄. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး MOGE ဝန်းအရှေ့တွင် ယာဥ်တစ်စီးမှ လမ်းဘေးအုတ်တံတိုင်းကိုကျော်ကာ နေအိမ်တစ်လုံးပေါ် အရှိန်လွန်ကျော်တက်ပြုတ်ကျမှုတစ်ခု ယနေ့ ဧပြီလ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါ ကားသည် သန်လျင်ဘက်မှ လာကာ ၅ ကွေ့ဘက်သို့အသွား ကွေ့ကြောကို အရှိန်ဖြင့်ကွေ့ခြင်းကြောင့် ဘေးကသစ်ပင်ကိုတိုက်မိပြီး အုတ်တံတိုင်းကျော်ကာ လေပေါ်မြောက်ပြီးနောက် အိမ်ပေါ်သို့ပြုတ်ကျခြင်းဖြစ်ကြောင်း အသင်းမှတာဝန်ရှိသူက MT News သို့ ပြောသည်။
ယာဥ်ပေါ်တွင် အမျိုးသား၂ ဦးပါရှိပြီး အသက်(၄၀)ဝန်းကျင်ခန့်၊ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုလူနာအမျိုးသား(၂)ဦးအား မြေပြင်ကုသမှုများကို သာကေတလူမှုကူညီရေးအသင်းမှ လုပ်ဆောင်ပေးခဲ့ကြောင်း သ်ိရသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်ကိုများကို ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။