၁၄. ၄. ၂၀၂၃
Written by Min Mahar
မြင်းခြံမြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်သွားမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာ၏အနောက်ဘက် ရွာဝင်ဆိုင်းဘုတ်အနီးတွင် ဧပြီ ၁၃ ရက်နေ့(မဟာသင်္ကြန်အကြိုနေ့)ညနေ ၄ နာရီ ၅ မိနစ်ခန့်က ပိုက်တဲကုန်းကျေးရွာ၊ ခေါင်းကွဲကျေးရွာအုပ်စု၊ မြင်းခြံမြို့နယ်တွင်နေထိုင်သည့် အသက် ၄၀ အရွယ်သုံးဘီးမောင်းသူသည် သုံးဘီးဆိုင်ကယ်ဖြင့် နေအိမ်မှ တစ်ဦးတည်းထွက်ခွာလာစဥ် ဆားခါးကျေးရွာအဝင် အခင်းဖြစ်နေရာအရောက်၌ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
“အသတ်ခံရသူက ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အလုပ်ကိစ္စတွေကိုဝိုင်းကူပေးနေလို့ စပ်ဆက်မှုရှိတယ်ဆိုပြီးတော့ သတ်လိုက်ကြတာဖြစ်မယ်” ဟု ရွာခံတစ်ဦးက ဆိုသည်။
အဆိုပါသုံးဘီးမောင်းသူသည် ယာဘက်ရင်အုံကိုဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ဝဲဘက်ခြမ်းကိုရှပ်ထိသွားသောဒဏ်ရာ ၁ ချက်နှင့် ယာဘက်လက်မောင်းကိုလည်း ရှပ်ထိဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးသွားသော ကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းအခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြကာ တရားခံများအားဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြကြောင်းလည်း သိရသည်။