၁၄. ၄. ၂၀၂၃ (မဟာသင်္ကြန်အကျနေ့)
Photo by Peya
မဟာသင်္ကြန်ကာလအတွင်း တရားစခန်းတွေများစွာ ဖွင့်လှစ်ထားရှိတဲ့အထဲ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှာ ရှိတဲ့ မဟာစည် လယ်တီစံ သာသနာ့ ရိပ်သာဟာလည်း သင်္ကြန်ကာလ သံဃာတော်တွေ၊ ကိုရင်တွေ၊ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေအတွက် သင်္ကြန် ၉ ရက် တရားစခန်းကို ဖွင့်လှစ်ထားရှိပြီး စုစုပေါင်း ၂၅၀ လောက် တရားစခန်းဝင်နေတယ်လို့ သိရပါတယ်။
“၂၅၀ ကို ရဟန်းရော ၊ ကိုရင်ရော ၊သီလရှင်ရော ၊ အမျိုးသားအမျိုးသမီးရော စုစုပေါင်း ၂၅၀ ပါ။ မြို့နယ်အစုံကပါ” လို့ မဟာစည် လယ်တီစံ သာသနာ့ရိပ်သာ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ပညာစက္ကက MT News ကို မိန့်ကြားပါတယ်။
အဆိုပါ ရိပ်သာမှာ လစဉ် တရားစခန်းတွေနဲ့ သင်္ကြန်ကာလတိုင်း တရားစခန်းတွေ ပုံမှန်ဖွင့်လှစ်ခဲ့ပေမဲ့လည်း ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် သင်္ကြန်တွင်းတရားစခန်းကို ရပ်နားထားခဲ့ရာက လက်ရှိနှစ်ကျမှ တရားစခန်းတွေကို ပြန်လည်စတင်ရတာ ဖြစ်တာကြောင့် အရင်ကာလတွေထက်တော့ လူနည်းတဲ့အခြေအနေမှာရှိတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
“တရားထိုင်တာက မနက် ၄ နာရီက စတာ။ ည ၉ နာရီမှာ သိမ်းတယ်။ ထိုင်ပြီးတော့ မှတ်လိုက်၊ စင်္ကြန်လျှောက်မှတ်လိုက်။ တောက်လျှောက်သွားတာ။ ဆွမ်းစားတဲ့ အချိန်လည်း စားတာပေါ့” လို့ ဆရာတော်က မိန့်ကြားပါတယ်။