၁၄. ၄. ၂၀၂၃
Written by Hey Mar
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ဘိန်းဖြူချက်လုပ်သည့်စခန်းကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဧပြီလ ၇ ရက်နေ့တွင် ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ နမ့်ခမ်း(၁)အပေါ် ကျေးရွာ၏ အနောက်ဘက်(၄)မိုင်ခန့်အကွာရှိ လျှိုအတွင်းတွင် မူးယစ်ဆေးဝါးချက်လုပ်နေကြောင်း သတင်းအရ ရှာဖွေရာ ၎င်းလျှိုအတွင်းရှိ မိုးကာတဲ ၄ လုံးအတွင်း၌ ဘိန်းဖျော်ရည် ၆၀ လီတာ၊ ထိန်းချုပ်ဓာတုပစ္စည်း အီသိုင်း အီသာ ၈၀ လီတာနှင့် အခြားဓာတုပစ္စည်းများဖြစ်သည့် Benzene ၆၀ လီတာ၊ ဆိုဒီယမ်ကာဗွန်နိတ် ၃ ကီလို၊ ဆိုဒီယမ်နိုက်ထရိတ် ၄ ကီလို၊ ပိုတက်ဆီယမ် ၁၅ ကီလိုနှင့် ဘိန်းဖြူချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ဥပဒေအရအရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။