၁၃. ၄. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အလုံးရေ ၁၀၀ ဆောက်လုပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါ (Open Tender) ခေါ်ယူမည်ဖြစ်ကြောင်း ဧပြီ ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး (၃၀’× ၃၄’ ×၁၁’-၇”) ရုံး (၁၀၀) ဆောက်လုပ်ရန်ဖြစ်သည်။
ထို့ပြင် လှိုင်သာယာမြို့နယ် (နောက်ပိုင်း)၊ တရားရုံး အဆောက်အအုံသစ် (၈၀’× ၄၀’× ၇၁’) တွင် တရားခွင်များ ပြင်ဆင်ဆောက်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။
အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ရုံး (ပြည်လမ်းနှင့် အလုံလမ်းထောင့် လွှတ်တော်ရုံးဝင်း) တွင် ရုံးချိန်အတွင်း ဧပြီ ၁၈ ရက်မှ မေ ၁၈ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လာရောက်လျှောက်ထားသည့် လျှောက်လွှာများကို မေ ၂၂ ရက်တွင် တင်ဒါဖွင့်ဖောက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါကြောင်း အသိပေးကြေညာထားသည်။