၁၃. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး ကွေ့မအိမ်ယာအနီးတွင် သုံးဘီးဆိုင်ကယ်မှ လူတစ်ဦးအား တိုက်မိပြီး အတိုက်ခံရသူ သေဆုံးခဲ့သည့် ဖြစ်စဥ်တစ်ခု ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သာကေတ လူမှုကူညီရေးအသင်းမှ သိရသည်။
“ဘေးက မျက်မြင်တွေပြောတာတော့ သေဆုံးသူက ကားလမ်းမပေါ်တက်ပြီး ကားတွေ ဆိုင်ကယ်တွေ လိုက်တားနေတယ်ပြောတယ်။ သုံးဘီးသမားက မျက်ကွယ်က ထွက်လာတော့ တိုက်မိပြီး မှောက်တာလို့ မျက်မြင်တွေက ပြောတယ်။ကျွန်တော်တို့ရောက်တော့ ဆုံးနေပြီ။ ဦးခေါင်းထိတာပြင်းထန်ပါတယ်”ဟု သာကေတ လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် သုံးဘီးဆိုင်ကယ်မောင်းနှင်သည့်ထိခိုက်ဒဏ်ရာရရှိခဲ့သူ အသက်(၃၀)ဝန်းကျင်ခန့် လူနာအမျိုးသားတစ်ဦးအား သာကေတ လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုဆောင်ရွက်ပေးခဲ့ပြီး အတိုက်ခံရသဖြင့် သေဆုံးသွားသော အသက်(၃၀)ဝန်းကျင်ခန့်အမျိုးသားတစ်ဦးအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။