October 30, 2024

သူရဦးရွှေမန်း၏ UBP ပါတီ၏ ပုံရိပ်ကို တွေ့ရစဥ်

၁၁. ၁၀. ၂၀၂၂

Written by Nay Moe

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေပြုရေးနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌတို့ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီး (ငြိမ်း) သူရရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား ဖျက်သိမ်းရန် စီစဥ်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

UBP ပါတီ ဖျက်သိမ်းရန် ပါတီအကြီးအကဲများက စီစဥ်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ပါတီထူထောင်စတွင် ပါဝင်ခဲ့သည့် ဦးစောလှထွန်းကလည်း ” နိုင်ငံရေးမှ အနားယူခွင့်ရ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပါတီမှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေပါပြီ ” ဟု အောက်တိုဘာ ၁၁ ရက်တွင် ယင်း၏ လူမှုကွန်ရက်စာမျက်ပေါ်၌ ရေးသားဖော်ပြခဲ့သည်။

သူရဦးရွှေမန်း တည်ထောင်ခဲ့သည် UBP ပါတီသည် ၂၀၁၉ ဖေဖော်ဝါရီလတွင် မှတ်ပုံတင်ခဲ့ပြီး ဧပြီလကစ၍ ပါတီတည်ထောင်ခွင့် ရရှိသည့်အခါ ၄ လ အတွင်း ပါတီ၏ မြို့နယ်ရုံးပေါင်း ၂၀၀ ခန့်အထိ ဖွင့်လှစ်နိုင်ခဲ့သည်။

သူရဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့သူတစ်ဦး ဖြစ်ပြီး တပ်မတော်တွင် ၂၀၁၀ ပြည့်နှစ်အထိ ၄၅ နှစ်ကြာအောင် ဗိုလ်ချုပ်ကြီး အဆင့်အထိ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဋ္ဌ ဘဝတွင် သန်းခေါင်ယံ အာဏာသိမ်းပွဲဟု နာမည်ကြီးသည့် ဖြစ်စဉ်နှင့် ရာထူးမှ ဖြုတ်ချခံရပြီး ရွေးကောက်ပွဲကို သာမန် ပါတီဝင်တစ်ဦး အနေဖြင့် ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသည်။

သို့သော် NLD ပါတီ အာဏာရလာသည့်အခါ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးသည့် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ အထူးကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်က တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးပေးလေ့ရှိပြီး နောက်ဆုံး ၂၀၁၈ ခုနှစ်တွင်မူ NLD ပါတီ လွှမ်းမိုးထားသည့် လွှတ်တော်က ကန့်ကွက်ခဲ့သဖြင့် ဖျက်သိမ်းပေးခဲ့ရသည်။

၂၀၂၃ ရွေးကောက်ပွဲအား SAC က ကျင်းပနိုင်ရန် ကြိုးစားနေပြီး PR ရွေးကောက်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်လိုသည့် ပါတီများပြားနေသော်လည်း NUG ကမူ ၂၀၂၃ ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ဒူဝါလရှီးလက ကြုံးဝါးခဲ့သည့် အောက်တိုဘာ ၁၁ ရက်တွင် UBP ပါတီ ဖျက်သိမ်းမည်ဟု သတင်းများထွက်ပေါ်လာမှုအပေါ် UBP ပါတီနှင့် အတည်ပြု ဆက်သွယ်ရန် ကြိုးစားနေပြီး ဆက်လက်သိရှိရသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *