၁၁. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ မတ်လနှင့် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည့် အငှားယာဥ်များလုယက်ခံရသည့် ဖြစ်စဥ်တွင် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
ထိုကားလုယက်မှုဖြစ်စဥ်များကို ဖမ်းဆီးနိုင်ရခြင်းမှာ ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ၊ ပရဟိတအသင်းအဖွဲ့များ၊ တက္ကစီယာဥ်မောင်းများ ပူးပေါင်းဖမ်းဆီးခဲ့သည့် မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းနင့် ခရေလမ်းထောင့်မှ အေဒီဗန်ကားလုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ခြင်းမှ မြစ်ဖျားခံခဲ့ပြီး ထိုသို့ဖမ်းမိခဲ့သည့် သတင်းကိုလည်း MT News မှ တင်ဆက်ပေးခဲ့ပြီးဖြစ်သည်။
ဇေကမ္ဘာဝန်းအတွင်း အေဒီဗန်အငှားယာဥ်ကို လုယက်မှုမှ ဖမ်းဆီးရမိသည့် ကျူးလွန်သူများအား ဆက်စပ်စစ်ဆေးဖော်ထုတ်ရာမှ ၎င်း၏ရှေ့ မတ်လတွင် ကျူးလွန်ခဲ့သည့် Probox အငှားယာဥ်လုယက်မှုများကိုပါ ဆက်စပ်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“မြောက်ဒဂုံက ဖမ်းမိတဲ့သူတွေကို လာကြည့်ပေးဖို့ ခေါ်လို့ သွားကြည့်တဲ့အခါ ကျွန်တော်တို့ကား အလုခံရတုန်း က လူပါတယ်။ ကျွန်တော်တို့ က မင်္ဂလာဒုံရဲစခန်းမှာအမှုဖွင့်ထားပေမယ့် အခု မိတာက မြောက်ဒဂုံက။ နောက်ပြီး ကျွန်တော် တက္ကစီသမားအချင်းချင်း ချိတ်ဆက်ထားတဲ့အတွက် သူတို့အပြောမှာလည်း အခုမိတဲ့သူတွေက အတူတူပါပဲ”မတ်လ ၂၈ ရက်နေ့က လုယက်ခံရသည့် 9D /981- Probox ယာဥ်၏ ပိုင်ရှင်ဖြစ်သူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ထို့အတူ မတ်လဒုတိယအပတ်လုယက်ခံရသည့် Probox အငှားယာဥ် 1H/192- ယာဥ်ပိုင်ရှင်ကလည်း ” အလုခံရသူများ ကားအားလုံးပြန်ရပါပြီ။ ထောက်ကြန့်ရဲစခန်းက ဖမ်းပေးတာပါ” ဟု MT News သို့ ပြောသည်။
ဇေကမ္ဘာဝန်းအတွင်း အေဒီဗန်အငှားယာဥ်ကို လုယက်မှုမှ ဖမ်းဆီးရမိသည့် ကျူးလွန်သူများအား ဆက်စပ်စစ်ဆေးဖော်ထုတ်ရာမှ ထိုသူများလုယက်ထားသည့်ယာဥ်များကို နေရာအမျိုးမျိုးသို့ရောင်းချထားရာမှ သက်ဆိုင်ရာရဲစခန်များက စစ်ဆေးဖမ်းဆီး၍ ယာဥ်ပိုင်ရှင်များကို ပြန်လည်ပေးအပ်ခဲ့ခြင်းဟုလည်း ကနဦးစုံစမ်းမှုများအရ MT News က သိရသည်။
ယမန်နေ့ ဧပြီ ၁၀ ရက် ညနေ ၅ နာရီခန့်ကလည်း တိုယိုတာဘယ်လ်တာ ခဲရောင် တက္ကစီ တစ်စီးကို လှိုင်သာယာ မြို့နယ် အောင်ဇေယျအိမ်ရာအတွင်း တက္ကစီမောင်းသူ တိုက်ခန်းအပေါ်သို့ ပစ္စည်းတက်ရောက်ပို့ဆောင်နေစဥ်ကားတံခါး သော့ဖျက်ကာ ရှော့ခ်တိုက်စက်နှိုးမောင်းပြေးသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရသည်။
ဖြစ်စဥ်ကို ပူးပေါင်းပါဝင်ကူညီခဲ့သူ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူက “ကျွန်တော့်စက်ထဲကို အဲဒီဖြစ်စဥ် သတင်း ဝင်လာတယ်ဆိုကတည်းက အားလုံးကို ဖြန့်ပြီး လိုင်းပေါ်လည်း တင်တယ်။ တခြားအဖွဲ့တွေ Group တွေထဲလည်း ပို့ကြ၊ ပြုကြတော့ ခိုးသွားသူတွေလည်း တွေ့ပုံပါပဲ။ ကားကို သမိုင်းကုန်းတံတားအောက်မှာ ထားသွားတယ်။ နာရီပိုင်းအတွင်း ပြန်တွေ့ပါတယ်”ဟု သူ့အမြင်ကို ပြောသည်။
ထိုကား၏ Black Box မှတစ်ဆင့် ပြန်ကြည့်ရာ Belta အငှားယာဥ် ခိုးယူသူများမှာ သက်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးက ခိုးယူသည်ဟုလည်း သိရသည်။