၁၂.၄.၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါတို့ မိသားစုအပေါ်မှာ တာဝန်ကျေတဲ့ ဖခင်ကြီးဦးလှဟန်ဟာ အသက် ၆၅ နှစ်အရွယ် ဧပြီ ၁၀ ရက် နံနက် ၃ နာရီ ၅ မိနစ်က ကွယ်လွန်ခဲ့ပြီး နာရေးနောက်ဆုံးခရီးကို ယနေ့ ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပို့ဆောင် မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
“ဒီကာလမှာ လူတိုင်းပြိုလဲကြတာပဲလေ။ ဝင့်ဝါတို့ဆိုပိုဆိုးတယ်။ အဖက်ဖက်က ပြောဆိုတာ ဝေဖန်တာရှိတယ်။ မိဘတွေကလည်း ကျန်းမာရေးတွေ ထိခိုက်လာတယ်။ အမအကြီးဆုံးကလည်း ကျန်းမာရေးချို့ယွင်းလာတယ်။အဖေကလည်း ကျန်းမာရေးမကောင်းဘူး။ အမေကလည်း တစ်ခါတလေ ချူခြာတယ်။ ကိုယ်ကိုယ်တိုင်ကလည်း စိတ်ဖိစီးမူများစွာနဲ့ ရှင်သန်နေရတယ်။ ဒီနေ့နဲ့ မနက်ဖြန်ဆို မသေချာဘူး”လို့ သရုပ်ဆောင်ခင်ဝင့်ဝါက အရင်ကဖြေဆိုခဲ့ပါတယ်။
သူမရဲ့ အဖေအပြင် အမေနဲ့ အမအကြီးဆုံးက လက်တလော ကျန်းမာရေးချူခြာနေတယ်လို့လည်း သိရပါတယ်။ဖခင်ဖြစ်သူ ဦးလှဟန်က သွေးတက်ပြီး လေဖြန်းထားတဲ့ ကျန်းမာရေးမကောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ကိုယ့်မပြေလည်တာကို ပြောပြရင် ပရိသတ်က ရယ်မှာပေါ့။ မင်းသမီးတစ်ယောက်ဖြစ်ပြီး အပိုတွေပြောတယ်ဖြစ်တယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းမှာ ချမ်းသာတဲ့သူတိုင်း ချမ်းသာတဲ့အလျှောက် Pressure ရှိသလို လူတန်းစားမျိုးစုံမှာ သူတို့ထမ်းထားတဲ့ ဝန်တွေရှိတယ်။ သူတို့ခံစားရတဲ့ Pressure ဆိုတာရှိတယ်။ ဝင့်ဝါဆိုရင် ဒီကာလမှာ ကိုယ်အမြဲစီးနေတဲ့ ကားလေးရောင်းလိုက်ရတယ်။ ဝင့်ဝါတို့ မိဘတွေက အိမ်ခဏခဏပြောင်းနေရတယ်။ မိသားစုအရေအတွက်များတယ်လေ။ အဓိကနဲ့ သာမညခွဲပြီး အိမ်ဝယ်ပေးလိုက်တယ်”လို့ ဆိုထားပါတယ်။