၁၂. ၄. ၂၀၂၃
Written by Peya
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးဝါးကုသမှုခံယူနေသည့် သက်တော် ၉၅ နှစ်အရွယ်ရှိပြီဖြစ်သည့် နိုင်ငံတော်သံဃမဟာနာယက ဗန်းမော်ဆရာတော်ဘုရားကြီး၏ မျက်စိခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်းနှင့် အမြင်အာရုံ ပိုမိုကြည်လင်လာခဲ့ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့် ဆရာတော်တစ်ပါးက MT News သတင်းဌာနသို့ မိန့်ကြားသည်။
ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဝဲဘက်မျက်စိ ခွဲစိတ်ကုသမှုကို အဆိုပါ ဆေးရုံကြီးတွင် ဧပြီလ ၁၁ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ဧပြီလ ၁၂ ရက် နံနက်ပိုင်းတွင် ပတ်တီး ဖြည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဗန်းမော်ဆရာတော်ဘုရားကြီးကို ဒီနေ့ မနက်က မျက်စိပတ်တီးဖြည်ပြီး ပြန်စမ်းသပ်စစ်ဆေးတဲ့အခါ အရင် နဂိုမူလထက် ပိုကြည်လင်ပြီး ကြည့်ရတာ အဆင်ပြေတယ်လို့ ကြားသိရပါတယ်” ဟု အထက်ပါ ဆရာတော်က မိန့်ကြားသည်။
ဆရာတော် ဘုရားကြီးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ အသည်း၊ လည်ချောင်းနှင့် ပန်ကရိယတို့တွင် တွေ့ရသည့်အခြေအနေနှင့် ပတ်သက်၍
ကုသထားပြီး ဖြစ်ကြောင်းသိရသည်။
ဧပြီလ ၉ ရက်တွင် ထိုင်းနိုင်ငံ၏ သံဃမဟာနာယက ဒုဥက္ကဋ္ဌ ဝပ်ဖိုလ်ကျောင်းဆရာတော်နှင့် မဟာချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံခြားရေးရာဌာနဥက္ကဋ္ဌဟောင်း ဝပ်အရုဏ်းကျောင်းဆရာတော်တို့က ဗန်းမော်ဆရာတော်ကြီးထံ ဧပြီလ ၉ ရက်တွင် ဂါရဝပြုလာရောက်ကန်တော့ခဲ့ရာ ဆရာတော်ဘုရားကြီးထံ WAKI မိသားစုက လှူဒါန်းထားသည့် ရွှေသားထီးတော်နှင့်ပြုလုပ်ထားသော ဓာတုစေတီတော်ကို ပြန်လည်ချီးမြှင့်လှူဒါန်းခဲ့သည်။