၁၁.၄.၂၀၂၃
Written by Peya
မွန်ပြည်နယ်က မြို့ကြီးများအနက် တစ်မြို့ဖြစ်သည့် သထုံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်ဖြစ်ကြောင်း MT News သတင်းဌာနက သိရှိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန် ပြုလုပ်ရန် သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အရှေ့ရှိ ဘုရားလမ်းပေါ်တွင် ပြင်ဆင်ထားခြင်းဖြစ်ကာ အကြိုနေ့ မွန်းလွဲပိုင်းမှစတင်ဖွင့်လှစ်မည်ဖြစ်ပြီး နေ့စဉ် စတုဒိသာ ကျွေးမွေးမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။
“လမ်းလျှောက်သင်္ကြန်က သထုံမှာ ပထမဆုံးပေါ့။ ဂုဏ်လည်း ဂုဏ်ယူတယ်။ ငယ်ငယ်တုန်းက လမ်းလျှောက်သင်္ကြန် အတွေ့အကြုံကို ပြန်ခံစားရမယ်။ နောက်ပိုင်းမှာ လူတွေက လမ်းလျှောက်သင်္ကြန် မဟုတ်တော့ဘဲ ကားတွေ ဆိုင်ကယ်တွေနဲ့ သွားကြတဲ့ဓလေ့ ဖြစ်တယ်လေ။ ငယ်ငယ်တုန်းကတော့ ကလေးသဘာဝ လမ်းလျှောက်ကြတယ်။ ရေပက်ခံထွက်ကြတယ်။ သင်္ကြန်မှာ တစ်နှစ်မှာ တစ်ခါပဲ ခံစားရတဲ့ အရသာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအနှံ့တွင် ယခုနှစ်မဟာသင်္ကြန် ပွဲတော်ကာလအတွက် လမ်းလျှောက်သင်္ကြန်များကို ထည့်သွင်းပြုလုပ်ရန် စီမံဆောင်ရွက်နေခြင်းဖြစ်ပြီး လမ်းလျှောက်သင်္ကြန်တိုင်းလိုလိုတွင် စတုဒိသာကျွေးမွေးခြင်း အစီအစဉ်များကိုလည်း ထည့်သွင်းထားကြောင်း စုံစမ်းသိရှိရသည်။