၁၁. ၄. ၂၀၂၃
Written by Peya
KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ စစ်ရေးချုပ် ဗိုလ်ချုပ် စောအယ်ခူသည် ဧပြီလ ၁၁ ရက် နံနက်ပိုင်း ၉ နာရီကျော် အချိန်ခန့်က မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က MT News သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဗိုလ်ချုပ်စောအယ်ခူသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထလော့ကျေးရွာရှိ နေအိမ်တွင် မိမိကိုယ်မိမိ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“သူက လက်ပစ်ဗုံးကို ပင်ဖြုတ်လိုက်တာ။ သူ့တပည့်တွေ၊ သူ့လက်အောက်ငယ်သားတွေ အတန်တန်တားနေတဲ့ ကြားကပဲ” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
ဗိုလ်ချုပ် စောအယ်ခူအနေဖြင့် မည်ကဲ့သို့ စိတ်ဖြစ်နေသည်ဆိုခြင်းကို ပြောရန်မလွယ်သော်လည်း ယခင်တိုက်ပွဲကာလများတွင် ခြေထောက်တစ်ဖက် စွန့်လွှတ်ထားရသူဖြစ်ကာ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအတွက် ဆေးသောက်နေရသူ ဖြစ်ပြီး တပ်မဟာ ၇ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် အပေါ် ဗိုလ်ချုပ်စောအယ်ခူသည် ညှိနှိုင်းပေးခဲ့သူ ဖြစ်ကြောင်းနှင့် ဖိအားများ ရှိနေမည်ဟု သုံးသပ်ရကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း KNU/KNLA-PC ၏ ဗဟိုကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဦးစီးဌာနချုပ်မှ ထုတ်ပြန်ထားသော အမိန့်ညွန်ကြားချက်များအပေါ် လေးစားလိုက်နာခြင်းမရှိဘဲ ချိုးဖောက်ကျူးလွန်ခြင်းကြောင့် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ကို အဖွဲ့အစည်းဝင်အဖြစ်မှ လည်းကောင်း၊ တပ်မတော်အတွင်းမှလည်းကောင်း ထုတ်ပယ်လိုက်ကြောင်း စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သေးသည်။
“သူမဆုံးခင် ဆက်သွယ်ပြောဆို အကြံဥာဏ်တောင်းမှုအရသော်လည်းကောင်း၊ အဖွဲ့အစည်းက တာဝန်ပေးအပ်မှုအရ သူက တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုပေမယ့် တိုက်ခိုက်နေသူ ဘက်နှစ်ဘက်ကြား ရှိနေတဲ့သူ့အနေနဲ့က ဖိအားတွေ ကြီးကြီးမားမား ခံစားခဲ့ရတာကို သူ့ရဲ့ အပြောအဆိုအပေါ်မှာ ဒါ တီးမိခေါက်မိတာပေါ့။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေအရ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေတဲ့အချိန် ဒီဘက်ကလည်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြားထဲရောက်နေပြီး ဖိအားတွေအပေါ်မှာ စိတ်ဖိစီးမှုဒဏ်တွေလည်း ကြီးကြီးမားမား ခံစားနေရတဲ့အချိန်၊ အချိန်နှစ်ချိန်က တပြိုင်တည်း စုံမှတ်တစ်ခု ရောက်သွားတဲ့အချိန် ဘယ်လိုမှ ခံနိုင်စွမ်းမရှိဘဲ အဆုံးစီရင်လိုက်တယ်လို့ သုံးသပ်ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။