၁၁. ၄. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် Toyota Wish အမျိုးအစားယာဥ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ဘယ်ရီယာတုံး ဝင်တိုက်မိ၍ ယာဥ်ပေါ်ပါလာသည့် အမျိုးသမီးတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် အခင်းဖြစ်ပွားသည့် နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၈၉/၀) နှင့် (၈၉/၁) ကြားတွင် Toyota Wish အမျိုးအစားယာဥ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘယ်ရီယာတုံးကို ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့သဖြင့် မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဥ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဥ်ကြောင့် ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအနက် အမျိုးသမီးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းယာဥ်ထိန်းတပ်ဖွဲ့ မြို့ချောင်းစခန်းမှ သိရသည်။
“ရန်ကုန်ဘက်က မောင်းနှင်လာတဲ့ Toyota Wish ကားက အရှိန်မထိန်းနိုင်ဘဲနဲ့ လမ်းလယ်ကျွန်းမှာ ကာရံထားတဲ့ ဘယ်ရီယာတုံးကို တိုက်မိပြီး အမြန်ယာဥ်ကြောမှာပဲ ရပ်တန့်သွားတာ။ ယာဥ်ပေါ်မှာတော့ ယာဥ်မောင်းနဲ့ အမျိုးသမီးတစ်ဦးပါတာပေါ့။ ယာဥ်မောင်းက ညာဘက် ရင်ဘတ်အောက်ဒဏ်ရာနဲ့ လက်မှာခြစ်မိတဲ့ဒဏ်ရာ မစိုးရိမ်ရပေါ့။ အမျိုးသမီးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့တာ။ ယာဥ်မောင်းကိုတော့ မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်” ဟု အမြန်လမ်းယာဥ်ထိန်းတပ်ဖွဲ့ မြို့ချောင်းစခန်းမှ တာဝန်ရှိသူက ပြောသည်။
အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားသည့် အမျိုးသမီးမှာ ဒေါ်ချိုနွယ်ဇင်ဖြစ်ပြီး အသက် ၃၅ နှစ်ရှိပြီး သေဆုံးရုပ်အလောင်းအား ရဲမှုခင်းဖြစ်သဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ တာဝန်ရှိသူများ စစ်ဆေးနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။