ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်လှစ်စဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အများအပြားသေဆုံး
◾️လေကြောင်းတိုက်ခိုက်မှုများဟု သတက ဖော်ပြနေသော်လည်း လေကြောင်းတိုက်ခိုက်သည့်ပုံစံမဟုတ်ဘဲ မိုင်းများပေါက်ကွဲသည့် ပုံသဏ္ဍာန်သာဖြစ်နေဟု လက်နက်ဆိုင်ရာကျွမ်းကျင်သူများ ပြော
Written by Nay Moe
ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်လှစ်စဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အများအပြားသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ထိုဖြစ်စဉ်ကို လေကြောင်းတိုက်ခိုက်မှုများဟု သတင်းအချို့က ဖော်ပြနေသော်လည်း လေကြောင်းတိုက်ခိုက်သည့်ပုံစံမဟုတ်ဘဲ မိုင်းများပေါက်ကွဲသည့် ပုံသဏ္ဍာန်သာဖြစ်နေဟု လက်နက်ဆိုင်ရာကျွမ်းကျင်သူများ ပြောသည်။
“ပေါက်ကွဲမှုဖြစ်အပြီး ရိုက်ထားတဲ့ ရုပ်သံဖိုင်ကို ကြည့်လိုက်ရတယ်။ ပုံစံက လေကြောင်းတိုက်ခိုက်မှုဖြစ်သွားတဲ့ပုံစံမဟုတ်ဘူး။ လေကြောင်းက တိုက်ခိုက်တာဆိုရင် အရပ်မျက်နှာပေါင်းစုံမှာ ဖရိုဖရဲပြန့်ကျဲနေတာမျိုး ကျည်တွေ၊ ဗုံးတွေ ကျထားတဲ့ ကျင်းမျိုးတွေ မွနေရတာမျိုး ဖြစ်နေရမယ်။ အခုက အဲဒီလိုမျိုးဖြစ်တာမဟုတ်ဘူး။ ပြည်သူ့အုပ်ချုပ်ရေးရုံးထဲမှာ ခဲယမ်းမီးကျောက်တွေ သိုလှောင်ထားပြီး ထ ပေါက်ကွဲလို့ အလယ်ဗဟိုကနေ ပေါက်ကွဲသွားပြီး ပတ်ပတ်လည်ကို အလောင်းတွေ ပြန့်ထွက်လာတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာ” ဟု လက်နက်ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
MT News သတင်းဌာနက တွေ့ရှိရသော ရုပ်သံဖိုင်တွင်လည်း အလယ်တွင်ရှိနေသည့် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးရုံးမှာ အမိုးအကာမရှိတော့ဘဲ အိမ်တိုင်များသာ ကျန်ရှိကာ အိမ်တိုင်ပတ်ပတ်လည်တွင်မူ ရုပ်အလောင်းများ ပြန့်ကြဲနေသည်ကို တွေ့ရှိရသည်။
“လေယာဉ်ပေါ်ကနေ ဗုံးပစ်ချသွားလို့ အိမ်တည့်တည့်ထိတယ်ဆိုရင် အိမ်က အလုံးအထည်ပျက်သွားရမယ်။ အခုက အမိုးတွေ၊ အကာတွေပဲ လွင့်ထွက်သွားပြီး အိမ်တိုင်တွေ၊ အိမ်ခေါင်တွေက ပကတိအတိုင်း အကောင်းအတိုင်း ကျန်နေတာကို တွေ့ရတယ်။ ဒီတော့ အဖြစ်နိုင်ဆုံးက ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်တဲ့ အိမ်ထဲက သိုလှောင်ထားတဲ့ လက်လုပ်မိုင်းတွေ ထကွဲပြီး လူတွေထိခိုက်ကုန်တာပဲဖြစ်မယ်။ ဒီပုံစံက လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ပုံစံမဟုတ်ဘူးဆိုတာ လက်နက်ကျွမ်းကျင်သူတိုင်း အလွယ်တကူသိတယ်” ဟု လက်နက်ကျွမ်းကျင်သူ အခြားတစ်ဦးက ဆက်လက်ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး BBC သတင်းဌာနက ကနဦးသတင်းတင်ရာတွင် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲဟု ဖော်ပြခဲ့ပြီး ခေတ်သစ်မီဒီယာကမူ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူစုဝေးသည့်နေရာဟု သတင်းမှန်ဖျောက်ဖျက်ဖော်ပြခဲ့ပြီး MT News သတင်းဌာန စုံစမ်းမှုအရလည်း ထိုဖြစ်စဉ်မှာ NUG ၏ လက်နက်ကိုင် PDF များ၊ ပကဖများက ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်လှစ်သည့် အခမ်းအနားဖြစ်ပြီး သေဆုံးဒဏ်ရာရသူ ၁၀၀ ခန့်ရှိကြောင်းနှင့် ကလေးငယ်များ၊ အမျိုးသမီးများလည်း သေဆုံးခဲ့ကြောင်း သိရသည်။
“လေယာဥ်ဗုံးကြဲတာက အဲဒီလိုကွက်တိကျတယ်ဆိုတာကို ကိုယ်တိုင်တောင် မယုံရဲဘူးဖြစ်နေတာ။ Video File မှာ မိုင်းပြင်ထားတဲ့နေရာတွေကြ မသွားရဲဘူးလို့ပါတယ်။ လေယာဥ်ဗုံးဆို ဆိုင်ကယ်တွေအကုန်လွင့်ကုန်မှာပါ။ အခုက တန်းစီပြီးလဲနေတာ” ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးကလည်း ထိုဖြစ်စဥ်မှာ NUG ၏ လက်နက်တိုက်ပေါက်ကွဲခြင်းသာဖြစ်သည်ဟု မှတ်ချက်ပြုသည်။
ထိုရုပ်သံဖိုင်တွင်လည်း ကယ်ဆယ်သူများက လေယာဉ်လာသည်ဟု အော်နေခြင်းထက် PDF များကို “လူမင်း၊ မင်းတို့ မိုင်းတွေက ဘယ်နားထောင်ထားတာလဲ”၊ “ မိုင်းတွေထောင်ထားတဲ့နေရာ ပြောစမ်းပါ” “အော်သံကြားတဲ့နေရာ ကယ်မယ်”၊ “မင်းတို့က မိုင်းတွေ ထောင်ထားတော့ ငါတို့က မသွားရဲဘူးကွ” စသည်ဖြင့် အော်ဟစ်နေသည်ကို တွေ့ရှိရသည်။
MT News သတင်းဌာနအနေဖြင့် ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ပဇီကြီးရွာအား လေကြောင်းတိုက်ခိုက်မှုပြုခဲ့ခြင်းရှိမရှိ ဆက်သွယ်မေးမြန်းနေပြီး အတည်ပြုသိရှိရသည်ကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။