၁၁. ၄. ၂၀၂၃
Written by Peya
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖိုကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ရေချိုးခန်းနှင့် ကုဋီ လှူမည်ဆိုပြီး လျှောက်ကာ ဘုန်းတော်ကြီးကျောင်းမှ ကားကို မောင်းပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ပျောက်ဆုံးကားကို ယခုထက်တိုင် ရှာမရသေးကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်၍ လိုက်လံဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သူ ကိုအောင်ပြည့် က MT News သတင်းဌာနကို ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မကွေး – မြို့သစ် – နေပြည်တော် ကားလမ်းမပေါ်ရှိ ဖိုကုန်းကျေးရွာ၊ ဖိုကုန်းကျောင်းတိုက်သို့ ကျောက်ပန်းတောင်းမြို့တွင်နေကာ ကားအရောင်းပြခန်းနှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်သည်ဟုဆိုသော အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးက ခရောင်းကားဖြင့် လာရောက်ပြီး ဆရာတော်နှင့် ခေတ္တစကားပြောကာ ရေချိုးခန်းနှင့် ကုဋီ တို့ လှူလိုသည်ဟု လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဘုန်းတော်ကြီးကျောင်းက ကားဖြင့် ဘိလပ်မြေ သယ်မည်ဟု ဆိုသောကြောင့် ၎င်းတို့ အပြန်တွင် ဘုန်းကြီးကျောင်းပိုင်ကားနှင့်အတူ ဦးဇင်း ၃ ပါးကို ထည့်လိုက်ပြီး ကျောင်းတွင်ရှိသော ဒါယကာများက မရိုးသားဟု သိသောကြောင့် လိုက်ပါသွားသော ဦးဇင်းတစ်ပါးကို ဖုန်းဆက်ကာ ပြန်လှည့်ရန် ပြောသော်လည်း ကားမောင်းသွားသူက ဆရာတော်နှင့် ဖုန်းဆက်ဟန်ပြုကြောင်း၊ မကွေး – မြို့သစ် – နေပြည်တော်လမ်းမှ ကံပြားအဝိုင်းမှ ရေနံချောင်းလမ်းအတိုင်း ဆက်မောင်းပြီးနောက် ရွှေကကျေးရွာရှိ ကောင်းကောင်းစားသောက်ဆိုင်သို့ အရောက်တွင် အစားအသောက်စားမည်ဟုဆိုကာရပ်ပြီး ဆိုင်ရှေ့မမြင်ရသည့်နေရာတွင် ဦးဇင်း ၃ ပါးကို နေရာချပြီးနောက် ကားကို မောင်းပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဘယ်သူတွေ ဖြစ်ပါတယ်လို့ သတင်းအစအနတော့ မရသေးဘူး ခင်ဗျ။ လာတုန်းက ဆရာတော်ကို ပေးသွားတဲ့ ဖုန်းနံပတ်ကတော့ အခု Viber မှာ ကြည့်ကြည့်နေတာကတော့ သုံးနေသေးတယ် ခင်ဗျ။ လူပုံစံကို မှတ်မိလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ နီးစပ်ရာကို လှမ်းမေးပြီး ကြည့်နေပါတယ်။ နယ်မြေရဲစခန်းကိုတော့ အကြောင်းကြား အမှုဖွင့်ထားပါတယ်” ဟု ကိုအောင်ပြည့်က ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပျောက်ဆုံးကားမှာ ပါဂျဲရိုး အမျိုးအစား ယာဉ်နံပါတ် SGG 5D-1496 ဖြစ်ကာ ကားကို မြင်ခဲ့သည်ဖြစ်စေ သို့မဟုတ် ဝပ်ရှော့ သို့မဟုတ် ရောင်းချရန် ရောက်လာခဲ့လျှင် ဆက်သွယ်ပေးရန်အတွက်လည်း တောင်းဆိုထားသည်။