၁၁. ၄. ၂၀၂၃
Written By Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဗဟိုလမ်း၊ မြတ်လေးရုံ လမ်းထိပ်အနီးတွင် ယာဥ်ကြောလုမောင်းနှင်သည့် YBS-၂၂ ယာဉ်လိုင်းမှယာဥ်တစ်စီးက အသက် ၅၀ အရွယ် အမျိုးသားကို ဖြတ်တိုက်ကြိတ်မိ၍ သေဆုံးမှု ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်မှ သခင်မြပန်းခြံသို့ ဗဟိုလမ်းမှ ပြေးဆွဲသည့် YBS -၂၂ ယာဉ်သည် မီးပွိုင့်အထွက်တွင် လမ်းကြောလုမောင်းနှင်ရာမှ မှတ်တိုင်တွင် ကားကိုတားနေသည့် လှိုင် ၁ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားကို တိုက်မိခဲ့ခြင်းကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် အတိုက်ခံရသူအမျိုးသားမှာ ဦးခေါင်းပေါက် ရင်ဘတ်ကြိတ်မိသည့် ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးခဲ့ပြီး အရပ်ဘက်လူမှုကူညီရေးအသင်း၏ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ ပေးဆောင်ပေးခဲ့ကာ သက်ဆိုင်ရာယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရှိန်လွန်လမ်းကြောလု မောင်းနှင်သော ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။