၁၁. ၄. ၂၀၂၃
Written by Min Mahar
ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးနှင့် အိမ်ဖော်ဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရပြီး နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၃ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား ၃၁ လမ်းပေါ်ရှိ RC သုံးထပ်နေအိမ်တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသောကြောင့် မဟာအောင်မြေခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ မီးသတ်ယာဉ် ၁၀ စီးနှင့် အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ပေးခဲ့ရာ နံနက် ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး နေအိမ်အတွင်း၌ အိမ်ပိုင်ရှင်ဖြစ်သူ အသက် ၅၀ ဝန်းကျင်ခန့်ရှိသော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးသည် လည်ပင်းတွင် လက်ကိုင်အဝါတပ်ဟင်းသီး ဟင်းရွက်လှီးဓါးထိုးစိုက်လျက် ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၃ ချက်နှင့် ဝဲဘက်နဖူးကိုပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည့်အပြင် နေအိမ်ဒုတိယထပ်မှ ခေါင်မိုးပေါ်သို့တက်သည့် လှေကားခြေရင်းတွင် အိမ်ဖော်ဖြစ်သူ ၃၈ နှစ်အရွယ်အမျိုးသမီးကိုပါ ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
“နေအိမ်မီးလောင်တယ်ကြားလို့ ကျွန်တော်တို့မီးသတ်အဖွဲ့တွေ သွားငြှိမ်းသတ်ခဲ့ရာမှာ အိမ်ထဲမှာ အသတ်ခံထားရတဲ့ အမျိုးသမီး ၂ ယောက်ကိုပါ တွေ့ခဲ့တာပါ။ လောင်တာက တိုင်းတရားလွှတ်တော်ဒုညွှန်မှူးအိမ်ဖြစ်ပြီး လည်ပင်းကိုဓားစိုက်ပြီးသေနေတာလည်း ဒုညွှန်မှူးပဲဖြစ်တယ်။ အိမ်အကူကတော့ ဘာအပြင်ဒဏ်ရာမှမတွေ့ဘဲ ဒုတိယထပ်ကနေ ခေါင်မိုးပေါ်ကိုတက်တဲ့လှေကားခြေရင်းမှာ သေနေတာပါ။ မီးလောင်မှုကြောင့် မီးခိုးတွေမွှန်ပြီးသေတယ်လို့လည်း ယူဆရသလို သူ့ကိုပါတစ်ပါတည်း လူသတ်သမားက သတ်သွားတယ်လို့ ယူဆလို့ရပါတယ်။ အခုတော့ ရဲဆေးစာနဲ့ဆေးရုံမှာ တတ်ကျွမ်းတဲ့ပညာရှင်တွေစစ်ဆေးနေပါတယ်” ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
မီးလောင်မှုကြောင့် RC သုံးထပ်နေအိမ်၏ ကုတင်၊ မွေ့ယာနှင့် အတွင်းပစ္စည်းအနည်းငယ်မီးလောင်ဆုံးရှုံးခဲ့ရပြီး တန်ဖိုးငွေကျပ် ၅ သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယခုဖြစ်စဥ်အား အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး တရားခံအားဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေကြောင်းလည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံမှ သိရသည်။