၁၁. ၄. ၂၀၂၃
Written by Nay Aung
တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံတွင် မြင့်မားသောလစာနှုန်းဖြင့် အလုပ်ကိုင်အခွင့်အလမ်းကောင်းများရရှိမည်ဆိုသော အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးစည်းရုံးခေါ်ဆောင်ခြင်းများကို သတိပြုစေလိုကြောင်းနှင့် မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများ၏ ဆွဲဆောင်မှုများကို ရှောင်ရှားနိုင်ရန် သတိထားရမည်ဖြစ်ကြောင်း မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးက သတိပေးချက်ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာစေရန် မြင့်မားသောလစာနှုန်းထားဖြင့် အလုပ်လုပ်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် သတင်းအချက်လက်အမှားများပေးကာ စည်းရုံးခေါ်ဆောင်ခံရခြင်းများရှိခဲ့ကြောင်းနှင့် အဆိုပါစည်းရုံးခံရသော တရုတ်နိုင်ငံသားများသည် ဘေးအန္တရာယ်များ တွေ့ကြုံရခြင်းအပြင် ပိုင်ဆိုင်မှုများ ဆုံးရှုံးရခြင်းများဖြစ်ပွားခဲ့ကြောင်း တရုတ်ကောင်စစ်ဝန်ရုံးက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းသို့ သွားရောက်ရန် ရည်ရွယ်ထားသော တရုတ်နိုင်ငံသား ခရီးသွားများအနေဖြင့်လည်း သတိထားပြီး နိုးနိုးကြားကြားနေထိုင်ရမည့်အပြင် ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်ကောင်စီဝန်ရုံးက အကြံပြုထားသည်။
တရုတ်ကောင်စစ်ဝန်ရုံးက “တရုတ်နိုင်ငံသားများအနေနဲ့ အရေးပေါ်အခြေနေတွေ့ကြုံလာရရင် အကူညီများရယူနိုင်ဖို့ ရဲစခန်းနဲ့ သံရုံးတွေကို ဆက်သွယ်စေလိုပါတယ်။”ဟု သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိလူကုန်ကူးဂိုဏ်းများ၏ ဖမ်းဆီးထားခြင်းခံရသော တရုတ်နိုင်ငံသားတစ်ဦးကို ပြန်လည်လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့ကြောင်း ပြီးခဲ့သော ရက်ပိုင်းတွင် တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပြီးနောက် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးက သတိပေးချက်ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောနှစ်များအတွင်း အွန်လိုင်း လောင်းကစားနှင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုများက မြန်မာနိုင်ငံတွင် လူမှုရေးပြဿနာများကို ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများသည် မြင့်မားသော လစာနှုန်းဖြင့် အလုပ်အကိုင်အခွင့်လမ်းကောင်းများရရှိမည်ဟု အွန်လိုင်းမှတစ်ဆင့်မက်လုံးပေးကာ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံသားများကို မြန်မာနိုင်ငံကိုလာရောက်စေရန် ခေါ်ဆောင်ဖမ်းဆီးခြင်းများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၏ မက်လုံးပေးစည်းရုံးခြင်းခံရသောကြောင့် တရုတ်နိုင်ငံသားများသည် တရုတ်နှင့်မြန်မာနယ်စပ်ဒေသများကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခြင်းများရှိနေခဲ့ကြောင်း တရုတ်အခြေစိုက် Global Times သတင်းဌာနကဆိုသည်။ တရုတ်အစိုးရက မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြုပြီး လိမ်လည်နေသော ဂိုဏ်းများ၊ လောင်းကစားဂိုဏ်းများကို ဖြိုခွင်းရန် အလေးအနက်ထားဆောင်ရွက်မည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။ ထို့အပြင် မြန်မာအစိုးရတာဝန်ရှိသူများအနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် သန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန်နှင့် အွန်လိုင်းကို အသုံးပြုပြီးလိမ်လည်မှုကျူးလွန်သော လူကုန်ကူးဂိုဏ်းများ၊ ရာဇာဝတ်ဂိုဏ်းများကို ဖြိုခွင်းနိုင်ရန် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်လင့်ထားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကဆိုထားသည်။
Ref—- Global Times