MT News
Written by Hey Mar
မကွေး – ရေနံချောင်း ကားလမ်း Max ဆီဆိုင်အနီးတွင် ဧပြီလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခန့်က အလှူအတွက်ပစ္စည်းများဝယ်ယူပြီးအပြန် ဆိုင်ကယ်ကိုတိမ်းရှောင်ရာမှ မော်တော်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မကွေးအခြေစိုက်ပရဟိတအသင်းတာဝန်ရှိသူထံမှ သိရသည်။
တိမ်းမှောက်သောကားမှာ တိုယိုတာ လိုက်ထရက် အမျိုးအစားဖြစ်ပြီး ရေနံချောင်းမြို့နယ် ညောင်ပြင်ကွင်းကျေးရွာမှမကွေးမြို့သို့ သွားရောက်ကာ လှူဖွယ်ပစ္စည်းများဝယ်ယူပြီးပြန်လာသောကားဟု သိရသည်။
“ကားပေါ်မှာက ၁၀ ဦးပါလာတာ ၄ ဦး ထိခိုက်ဒဏ်ရာရတာပေါ့။ တစ်ဦးကတော့ လန့်တဲ့ အရှိန်နဲ့ သတိမေ့နေတယ်။ဒဏ်ရာရသူတွေက ၄၀ ဝန်းကျင် ၅၀ တန်းတွေပါ။ ဆီဖြည့်ပြီးတော့ ဆီဆိုင်ကနေ တစ်ဖက်လမ်းကြောကို တက်တာမှာ အတည့်လာတဲ့ဆိုင်ကယ်နဲ့ တိုက်မလိုဖြစ်တာကို ရှောင်ရင်းက မှောက်တာ”ဟု ယာဥ်တိမ်းမှောက်ရာသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့သူ M -RECUSE မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရအမျိုးသမီး (၄) ဦးတို့အား မကွေးပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနမှတစ်ဆင့် ခွဲစိတ်ဆောင်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။