၁၁. ၄. ၂၀၂၃
Written by Thettant
ယခုနှစ်မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်၌ ရောင်းချရန် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၈ သိန်းကျော်အား နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ပင်လောင်း-တပ်ကုန်းသွားကားလမ်း၊ ကင်းသာစစ်ဆေးရေးဂိတ်တွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ သန်းဦး မောင်းနှင်ပြီး ကျော်ကျော်လွင်(ခ)ကျော်လွင်နှင့် သန်းစုဇော်တို့ လိုက်ပါလာသည့် Surf မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၂၀၀ ကျော် တန်ဖိုရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၂၇၅၀ ပြား သိမ်းဆည်းရမိခဲ့သည်။
တရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။