သင်္ကြန်မဏ္ဍပ်နှင့် တစ်မိုင်ပတ်လည်နေထိုင်သူများ အမြန်ရှောင်ရန် ထုတ်ပြန်စာကိုမူ အတုဟု ငြင်း
၁၁. ၄. ၂၀၂၃
ဗုံးခွဲတိုက်ခိုက်မှုများကို လုံးဝ(လုံးဝ) ဖျက်သိမ်းမည်မဟုတ်၍ သင်္ကြန်မဏ္ဍပ်များရှောင်တိမ်းရန် Dark Shadow (YGN-UG) စာထုတ်ထားသော်လည်း ဧပြီ ၁၀ ရက်တွင် ပျံ့နှံလာသည့် သင်္ကြန်မဏ္ဍပ်နှင့် တစ်မိုင်ပတ်လည်နေထိုင်သူများ အမြန်ရှောင်ရန် ထုတ်ပြန်စာကိုမူ အတုဟု ငြင်းဆိုလိုက်သည်။
ဧပြီ ၁၀ ရက် ရက်စွဲဖြင့် ထွက်ပေါ်လာသည့် Dark Shadow (YGN-UG) ၏ ထုတ်ပြန်စာအတုတွင် ဧပြီ ၁၁ ရက်မှစတင်ကာ သင်္ကြန်မဏ္ဍပ်များနှင့် တစ်မိုင်ပတ်လည်ကို ပြည်သူများမသွားရန်နှင့် NUG ၏ လမ်းညွှန်ချက်အတိုင်း ပြည်သူ့အသက်အိုးအိမ်ကာကွယ်ရန် သင်္ကြန်မဏ္ဍပ်နှင့် တစ်မိုင်ပတ်လည်နေထိုင်သည့်ပြည်သူများအမြန်ပြောင်းရွှေ့ရန် ဖော်ပြထားသည့်စာမှာ အတုဖြစ်ကြောင်းနှင့် Dark Shadow (UG) သည် NUG နှင့် ချိတ်ဆက်မထားကြောင်း ယင်းတို့က ငြင်းဆိုသည်။
“ဒီထုတ်ပြန်ချက်ဟာအတုပါခင်ဗျာ။ ကျွန်တော်တို့ NUG နဲ့ ချိတ်ဆက်ထားခြင်းမရှိသလို ဘယ်အဖွဲ့အစည်းနဲ့မှလည်း ချိတ်ဆက်ထားခြင်းမရှိပါဘူးခင်ဗျာ”ဟု Dark Shadow က ဆိုသည်။
သို့သော် Dark Shadow အနေဖြင့် ပြီးခဲ့သည့် ဧပြီ ၈ ရက်က စမ်းချောင်းမြို့နယ်ရေကစားမဏ္ဍပ်နှင့် ပတ်ကင်းကား DC၊ ပြည်သူ့ရင်ပြင်ရှိ ဗဟိုမဏ္ဍပ်တို့ကို ဗုံးခွဲရာ စမ်းချောင်းမြို့နယ်ရေကစားမဏ္ဍပ်နှင့် ပတ်ကင်းကား DC ကို ခွဲသည့်အလုံးမှာ DC ၏ ဖင်မြီးသာအနည်းငယ်ထိကြောင်းနှင့် ပြည်သူ့ရင်ပြင်ရှိဗုံးမှာမူ Mission Target အနီး ပြည်သူများရှိနေသဖြင့် ဖောက်ခွဲမှုမပြုခဲ့ကြောင်း နောက်တစ်နေ့တွင်မှ Dark Shadow UG တစ်ဦးက လခရထံဖုန်းဆက်ကာ သတိပေးခဲ့ကြောင်း သိရသည်။ သို့သော်လခရများကတစ်လုံးသာရှာတွေပြီး တစ်လုံးကို မတွေ့သဖြင့် ထပ်မံသွားရောက်ဖောက်ခွဲခဲ့ကြောင်းနှင့် နောက်နောင်တွင် Mission များကို လုံးဝ(လုံးဝ) ဖျက်သိမ်းမည်မဟုတ်၍ သင်္ကြန်မဏ္ဍပ်များ၊ ပွဲလမ်းသဘင်များနှင့် စစ်ရေးပစ်မှတ်များအနီး သွားရောက်မှု ရှောင်ရှားရန်လည်း Dark Shadow က သတိပေးသည်။
Dark Shadow (YGN-UG) သည် ယမန်နှစ်ကလည်း ဆူးလေဗဟိုမဏ္ဍပ်အနီး ဗုံးခွဲခဲ့သော အဖွဲ့အစည်းလည်းဖြစ်ပြီး ယမန်နှစ် သင်္ကြန်လေးရက်တွင် ရန်ကုန်တစ်မြို့တည်းပင် ဗုံးပေါက်ကွဲမှု ၂၅ ကြိမ်ရှိခဲ့ပြီး ထိုတိုက်ခိုက်မှုများကို NUG၊ PDF များက လုပ်ဆောင်ကြောင်းလည်း သတင်းမီဒီယာအချို့က ဖော်ပြခဲ့သည်။