October 30, 2024

NUG ၏ ၇၁ ကြိမ်မြောက်အစည်းအဝေးတွင် ဒူဝါလရှီးလအား တွေ့ရစဥ်

၁၁. ၁၀. ၂၀၂၂

Written by Nay Moe

SAC က ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲအား မပျက် ပျက်အောင်လုပ်မည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပသည့် NUG ၏ (၇၁) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျအကွက်ဝင်အောင် စီမံနေတာကို ကျွန်တော်တို့တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” ဟု ဒူဝါလရှီးလက ပြောသည်။

NUG အနေဖြင့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲဝင်မည့် အမတ်များနှင့် ၎င်းတို့၏ မိသားစုများကို တိုက်ခိုက်သတ်ဖြတ်ရန် PDF များအား ညွှန်ကြားထားသည်ဆိုသည့် လျှို့ဝှက်အမိန့်ပေါက်ကြားပေါ်ထွက်လာပြီးနောက် ၂၀၂၃ ရွေးကောက်ပွဲအား မပျက်ပျက်အောင်ဖျက်မည်ဟု ဒူဝါလရှီးလက ပြောကြားလာခြင်းဖြစ်သည့်။ ထို့အပြင် SAC အနေဖြင့် ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမည့်အပေါ် သတိကြီးကြီးထားပြီး SAC ကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင်လုပ်ရန်လည်း ဒူဝါလရှီးလက NUG အဖွဲ့ဝင်များကို တိုက်တွန်းခဲ့သည်။

ထို့ပြင် NUG အနေဖြင့် လာမည့်တစ်နှစ်အား အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်အဖြစ် စစ်မျက်နှာခြောက်ခုဖွင့်၍ အရှိန်မြှင့်တိုက်ခိုက်ကာ SAC အား အချိန်ပေးတော့မည်မဟုတ်ကြောင်းလည်း ” ပြည်သူ့ခုခံစစ် တစ်နှစ်ပြည့်သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များကို ပြည်သူသို့တင်ပြခြင်း ” သတင်းစာရှင်းလင်းပွဲတွင် NUG ၏ Press Secretary Team မှ ကိုနေဘုန်းလတ်က ပြောခဲ့သည်။ ထိုသို့ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍လည်း လူတချို့က ယုံကြည်မှုနည်းပါးနေသည်ဟု ဒူဝါလရှီးလ က ပြောသည်။

“ ဒီနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၈) ရက်နေ့က အမျိုးသား ညီညွတ်ရေးအစိုးရက ပြုလုပ်ကျင်းပခဲ့တဲ့ “ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း ” သတင်းစာရှင်းလင်းပွဲကိစ္စကို အနည်းငယ် ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူထုရဲ့ အမြင်သဘောထားဟာ အကောင်းဘက်ကို တိမ်းညွှတ်မှု ရှိနေဆဲဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ရပါတယ်။ လူတချို့လည်း ယုံကြည်မှုနည်းပါးနေသေးတာကို တွေ့မြင်ရပါတယ်။ လူထုသဘောထားအမြင်ကို မပြောင်းလဲနိုင်ပေမယ့် ကျွန်တော်တို့ လျစ်လျှူရှုလို့ မရပါဘူး။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာ မဖြစ်နိုင်တာကိုတောင်စွန့်ပြီး ရှေ့တိုး လုပ်ရသေးတာပဲ၊ ယခု လက်ရှိအခြေအနေက ကျွန်တော်တို့မှာ ဖြစ်နိုင်နေတာတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ကျွန်တော်တို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ ပြောကြားလိုပါတယ်။ အထူးသဖြင့် မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်” ဟု ဒူဝါလရှီးလက ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *