၁၀. ၄. ၂၀၂၃
Written by Peya
မန္တလေးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်ကားအောင်လုပ်မည်ဖြစ်ပြီး လမ်းလျှောက် သင်္ကြန်နှစ်ခုကို စီစဉ်ထားကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက MT News သတင်းဌာနသို့ ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မဏ္ဍပ်များကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“လမ်းလျှောက်သင်္ကြန်က ၂၆ လမ်း ၇၇ လမ်းကနေ ၆၆ လမ်း အထိက လမ်းလျှောက်သင်္ကြန်ပေါ့။ နောက်တစ်ခုကတော့ မင်္ဂလာမန္တလေးပေါ့။ ၇၃ လမ်း၊ သိပ္ပံလမ်းကနေ ငုရွှေဝါလမ်းအထိက လမ်းလျှောက်သင်္ကြန်ပေါ့။ ၂၆ လမ်းကတော့ အရင် လမ်းလျှောက်သင်္ကြန်တွေ လုပ်ခဲ့တယ်လေ။ အဲဒီအတိုင်းပဲ ဆက်လုပ်သွားမယ်။ ရေပက်မဏ္ဍပ်ကြီးတွေ စတုဒီသာမဏ္ဍပ်တွေရှိမယ်။ ရေပက်မဏ္ဍပ် ၄ ခု၊ စတုဒီသာမဏ္ဍပ် ၁၂ ခု ရှိမယ်” ဟု ဦးသိန်းဌေးက ဆိုသည်။
၆၆ လမ်းရှိ လမ်းလျှောက်သင်္ကြန်မှာမူ မဏ္ဍပ် ၅ ခုနှင့် စတုဒီသာမဏ္ဍပ် ၆ ခု ရှိမည်ဖြစ်ကာ ရေပက်ကစားခြင်းနှင့် စတုဒီသာ ကျွေးမွေးခြင်းကို ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“၂၆ လမ်းဘက်မှာက လမ်းလျှောက်သင်္ကြန်လုပ်မှာ ဖြစ်သလို ၆၆ လမ်းမှာ မော်တော်ကားနဲ့ သွားလို့ ရအောင်ပေါ့နော်။ အရင်နှစ်တွေနည်းတူ ဆောင်ရွက်ဖို့ လုပ်ထားပါတယ်။ လမ်းလျှောက်သင်္ကြန်မှာလည်း နေရာမျိုးစုံမှာ အလှဆင်ထားမှာ ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန်တွင် Star Light Street Zone၊ Art Street Zone၊ Wood Street Zone ၊ အမြဲတမ်းစိမ်းလန်းစိုပြည်သည့် Water Floating Street Zone နှင့် Flower Street Zone စသဖြင့် ပါဝင်မည်ဖြစ်ကာ လမ်းလျှောက်သင်္ကြန်လည်ပတ်သူများအား စင်များဖြင့် ရေဖြန်းပေးမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။