၁၀. ၄. ၂၀၂၃
Written by Min Mahar
ထန်းတောအတွင်း၌ သေနတ်ဒဏ်ရာ ခြောက်ချက်ဖြင့် ပစ်သတ်ခံထားရသောအမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက တွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၏အနောက်ဘက် မိုင် ၂၀ ခန့်တွင်ရှိသော သရက်ချိုပင်ကျေးရွာနေ အသက် ၄၀ နှစ်အရွယ်အမျိုးသားတစ်ဦးသည် ကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ထန်းတောအတွင်း၌ ယမန်နေ့ ဧပြီလ ၉ ရက်နေ့ မနက် ၁၁ နာရီခန့်က သေနတ်ဒဏ်ရာခြောက်ချက်ဖြင့် သေဆုံးနေကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ဝဲ/ယာရင်အုံကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်ကို ကျည်ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာတံတောင်ကိုလည်း ကျည်ဖောက်ဝင်သွားခဲ့သည့်ဒဏ်ရာ ၂ ချက်နှင့် ဝဲဘက်ပခုံးကိုပါ ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက် (စုစုပေါင်းဒဏ်ရာ ၆ ချက်)ဖြင့် သေဆုံးနေသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် အလောင်းအား ငါန်းဇွန်မြိုနယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များမှ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီးနောက် ငါန်းဇွန်မြို့မရဲစခန်းက (ပ)၂၁/၂၀၂၃၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုရေးဖွင့်ပြီး ဖြစ်စဉ်အား စုံစမ်းလျှက်ရှိကြောင်း သိရသည်။